
အရှေ့အလယ်ပိုင်း ပဋိပက္ခများကြောင့် ရေနံစိမ်းဈေးနှုန်းများ အဆမတန်မြင့်တက်လာခြင်းကြောင့် စားအုန်းဆီအခြေခံသည့် B50 အဆင့် ဇီဝဒီဇယ် (Biodiesel) ကို မဖြစ်မနေ အသုံးပြုရမည့် အစီအစဉ်အား ယခုနှစ်လယ်တွင် ပြန်လည်စတင်ရန် အင်ဒိုနီးရှားနိုင်ငံက စဉ်းစားနေကြောင်း စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး Yuliot Tanjung က ပြောကြားခဲ့ပါသည်။ ကမ္ဘာ့အကြီးဆုံး စားအုန်းဆီထုတ်လုပ်သည့် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မချမှတ်ရသေးကြောင်း Yuliot က ထပ်မံပြောကြားခဲ့ပါသည်။
ဇန်နဝါရီလအတွင်းက အာဏာပိုင်များသည် နည်းပညာနှင့် ရန်ပုံငွေဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် စားအုန်းဆီ ၅၀ ရာခိုင်နှုန်းနှင့် ရိုးရိုးဒီဇယ် ၅၀ ရာခိုင်နှုန်း ရောစပ်ထားသည့် B50 အစီအစဉ်အား ယခုနှစ်အတွင်း စတင်မည့်အစီအစဉ်ကိုဖျက်သိမ်းခဲ့ပြီး B40 အဆင့်ကိုသာ ဆက်လက်အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရပါသည်။
သို့ရာတွင် အီရန်နိုင်ငံအပေါ် အမေရိကန်-အစ္စရေးတို့၏ စစ်မက်ဖြစ်ပွားမှုကြောင့် ယခုအခါ အင်ဒိုနီးရှားအစိုးရအနေဖြင့် ဖြစ်နိုင်ခြေရှိသော အခြေအနေနှစ်ရပ်ကို လေ့လာသုံးသပ်နေကြောင်း Yuliot ကပြောကြားခဲ့ပါသည်။ အဆိုပါ ဦးဆောင်ကော်မတီတွင် စီးပွားရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီး Airlangga Hartarto က ဦးဆောင်ပြီး ဇီဝဒီဇယ်မူဝါဒကို ဆုံးဖြတ်ပေးသည့် ဝန်ကြီးဌာနအသီးသီး ပါဝင်ကြကြောင်း သိရပါသည်။
အင်ဒိုနီးရှားနိုင်ငံ၏ ဇီဝဒီဇယ် မဖြစ်မနေအသုံးပြုရမည့် သတ်မှတ်ချက်များသည် ကမ္ဘာ့စားအုန်းဆီဈေးနှုန်းများအပေါ် မကြာခဏ သက်ရောက်မှုရှိလေ့ရှိပါသည်။ အဆိုပါ အကြောင်းအရင်းမှာ ပြည်တွင်းသုံးစွဲမှု မြင့်တက်လာခြင်းက ပြည်ပသို့ တင်ပို့နိုင်သည့် ပမာဏကို လျော့ကျစေသောကြောင့် ဖြစ်ကြောင်း သိရပါသည်။
မတ်လ ၉ ရက်နေ့တွင် ရေနံဈေးနှုန်းများသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ (ရင်းဂစ် ၃၉၆.၇၅) အထက်သို့ မြင့်တက်သွားခဲ့ပြီး အဆိုပါရေနံစိမ်းဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ဇီဝဒီဇယ်ကုန်ကြမ်းများအတွက် ဝယ်လိုအားကို မြင့်တက်စေလိမ့်မည်ဟူသော မျှော်လင့်ချက်များကြောင့် စားအုန်းဆီဈေးနှုန်းများလည်း လိုက်ပါမြင့်တက်လာခဲ့ကြောင်း သိရပါသည်။
ဘဏ္ဍာရေးဝန်ကြီး Purbaya Yudhi Sadewa က ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်မှုဒဏ်ကို ခုခံနိုင်ရန်အတွက် လောင်စာဆီ ထောက်ပံ့ကြေး (Subsidies) ပမာဏကို တိုးမြှင့်ချထားပေးရန် အင်ဒိုနီးရှားနိုင်ငံက ပြင်ဆင်ထားကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Source: The Edge malaysia
DOCA (ရန်ကုန်)
