Main menu

ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း တင်ပို့မှု မြင့်တက်

Powered by Drupal

         ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း (Agro-forestry-fishery) ထုတ်ကုန် တင်ပို့မှုသည် ၂၀၂၆ ခုနှစ် ပထမနှစ်လအတွင်း အမေရိကန်ဒေါ်လာ ၁၁.၃ ဘီလီယံခန့် ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၁၇.၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

        ဖေဖော်ဝါရီတစ်လတည်းတွင် ပို့ကုန်ဝင်ငွေသည် ဒေါ်လာ ၄.၇၁ ဘီလီယံခန့်ရှိခဲ့ရာ ဇန်နဝါရီလထက် ၂၈.၄ ရာခိုင်နှုန်း လျော့ကျသွားသော်လည်း ယခင်နှစ် ဖေဖော်ဝါရီလနှင့် နှိုင်းယှဉ်ပါက ၁.၉ ရာခိုင်နှုန်း မြင့်တက်လာကြောင်း စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ အဆိုအရ သိရသည်။

           အာရှဈေးကွက်သည် ဗီယက်နမ် လယ်ယာထွက်ကုန်များအတွက် အကြီးဆုံး ပို့ကုန်ဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေပြီး စုစုပေါင်း ပို့ကုန်တန်ဖိုး၏ ၄၅.၅ ရာခိုင်နှုန်းရှိသည်။ အမေရိကတိုက်သည် ၂၁ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင်ရှိပြီး ဥရောပက ၁၅.၇ ရာခိုင်နှုန်းဖြင့် နောက်မှလိုက်နေသည်။ အာဖရိကနှင့် Oceania ဒေသများမှာမူ ၂.၂ ရာခိုင်နှုန်းနှင့် ၁.၄ ရာခိုင်နှုန်း အသီးသီးရှိကြသည်။

         ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက အာရှသို့ တင်ပို့မှု ၂၇.၇ ရာခိုင်နှုန်း၊ အမေရိကတိုက်သို့ ၁၀.၄ ရာခိုင်နှုန်းနှင့် ဥရောပသို့ ၁၂ ရာခိုင်နှုန်း အသီးသီး တိုးတက်လာခဲ့သည်။ Oceania သို့ တင်ပို့မှုမှာ ၃၂.၄ ရာခိုင်နှုန်းအထိ ခုန်တက်သွားသော်လည်း အာဖရိကသို့ တင်ပို့မှုမှာမူ ၁၉.၆ ရာခိုင်နှုန်း လျော့ကျသွားခဲ့သည်။

         နိုင်ငံအလိုက် ကြည့်မည်ဆိုပါက တရုတ်နိုင်ငံသည် ဗီယက်နမ်၏ အကြီးဆုံးသော ဝယ်ယူသူအဖြစ် ဆက်လက်ရှိနေပြီး စုစုပေါင်း ပို့ကုန်ဝင်ငွေ၏ ၂၂.၉ ရာခိုင်နှုန်း ရှိသည်။ အမေရိကန်က ၁၈.၇ ရာခိုင်နှုန်းဖြင့် ဒုတိယနှင့် ဂျပန်က ၇.၂ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင် အသီးသီးရှိနေကြသည်။

         ယခုနှစ်အတွင်း တရုတ်သို့ တင်ပို့မှုသည် ယခင်နှစ်ထက် ၅၅.၉ ရာခိုင်နှုန်းအထိ သိသိသာသာ မြင့်တက်လာခဲ့ပြီး အမေရိကန်နှင့် ဂျပန်သို့ တင်ပို့မှုမှာလည်း ၉.၂ ရာခိုင်နှုန်းနှင့် ၉.၈ ရာခိုင်နှုန်းအသီးသီး မြင့်တက်ခဲ့သည်။

          ယခုကဲ့သို့ နှစ်ဆန်းပိုင်းလများတွင် ရရှိခဲ့သော အပြုသဘောဆောင်သည့် ရလဒ်များသည် ဈေးကွက်ပြန်လည်ဦးမော့လာခြင်းကို ပြသနေပြီး၊ ထုတ်လုပ်မှုကို အရှိန်မြှင့်ရန်၊ ဈေးကွက် ချဲ့ထွင်ရန်နှင့် ၂၀၂၆ ခုနှစ်အတွက် ချမှတ်ထားသော ပို့ကုန်ရည်မှန်းချက် ဒေါ်လာ ၇၃ ဘီလီယံမှ ၇၅ ဘီလီယံအထိရရှိရန် ကြိုးပမ်းရာတွင် ကောင်းမွန်သော အခြေခံအုတ်မြစ်တစ်ခု ဖြစ်လာလိမ့်မည်ဟု ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

Source : VN Express                                                                           

DOCA (ရန်ကုန်)