
ကိုလံဘီယာနိုင်ငံ၏ ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ထုတ်ပြန်သော အချက်အလက်များအရ ဖေဖော်ဝါရီလအတွင်း ကော်ဖီထုတ်လုပ်မှုသည် ၂၀၂၅ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း သိရပါသည်။ စုစုပေါင်းအားဖြင့် နိုင်ငံတစ်ဝန်းတွင် ၆၀ ကီလိုဂရမ်ဝင် ကော်ဖီအိတ်ပေါင်း ၇ သိန်း ၆ သောင်းခန့်သာ ထုတ်လုပ်နိုင်ခဲ့ပြီး၊ ယင်းမှာ လွန်ခဲ့သောတစ်နှစ်က မှတ်တမ်းတင်ခဲ့သည့် အိတ်ပေါင်း ၁.၁ သန်းကျော်အောက် သိသိသာသာ လျော့နည်းသွားခြင်းဖြစ်ကြောင်း သိရပါသည်။
အဆိုပါကျဆင်းရခြင်းသည် အဓိကကော်ဖီစိုက်ပျိုးရာဒေသများတွင် လပေါင်းများစွာ ဆက်တိုက်ဖြစ်ပေါ်နေသည့် ဆိုးရွားသော ရာသီဥတုအခြေအနေများ၏ စုပေါင်းအကျိုး သက်ရောက်မှုများကြောင့်ဖြစ်ကြောင်း သိရပါသည်။ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုများကြောင့် ကော်ဖီပင်များ ပန်းပွင့်ခြင်းနှင့် အသီးရင့်မှည့်ခြင်းကဲ့သို့သော ရိတ်သိမ်းချိန် ထွက်နှုန်းအတွက် အဆုံးအဖြတ်ပေးသည့် အဓိကအဆင့်များကို ထိခိုက်စေခဲ့ပါသည်။
အချို့ဖြစ်ရပ်များတွင် မိုးရွာသွန်းမှုကြောင့် ကော်ဖီသီးများ ရင့်မှည့်မှုကို ကြန့်ကြာစေသကဲ့သို့၊ အချို့နေရာများတွင်မူ သီးနှံများပျက်စီးဆုံးရှုံးကာ နောက်ဆုံးရိတ်သိမ်းရရှိသည့် ပမာဏကို လျော့ကျစေခဲ့ကြောင်း သိရပါသည်။
ကိုလံဘီယာ ကော်ဖီစိုက်ပျိုးရေးကဏ္ဍသည် ပြောင်းလဲနေသော ထုတ်လုပ်မှုသံသရာနှင့် ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သော်လည်း ယခုကဲ့သို့ တစ်လအတွင်း ထုတ်လုပ်မှုပမာဏ အမြောက်အမြား ကျဆင်းသွားခြင်းသည် ရာသီဥတုဆိုင်ရာ ဖြစ်စဉ်များအပေါ် အဆိုပါ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ၏ ထိခိုက်လွယ်မှုကို မီးမောင်းထိုးပြနေကြောင်း သိရပါသည်။
ထုတ်လုပ်မှုကျဆင်းခြင်းသည် ပြည်ပကုန်သွယ်မှုအပေါ်တွင်လည်း သက်ရောက်မှုရှိစေခဲ့ပါသည်။ ဖေဖော်ဝါရီလတွင် ကိုလံဘီယာကော်ဖီ ပြည်ပတင်ပို့မှုသည် ယခင်နှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၃၂ ရာခိုင်နှုန်း လျော့ကျသွားပြီး စုစုပေါင်း တင်ပို့မှုမှာ အိတ်ပေါင်း ၈ သိန်း ၇ သောင်းခန့်သာရှိခဲ့ကြောင်း သိရပါသည်။ ထုတ်လုပ်မှု၏ အစိတ်အပိုင်းအများစုမှာ နိုင်ငံတကာစျေးကွက်သို့ ဦးတည်ထားခြင်းကြောင့် ရရှိနိုင်သည့် ကော်ဖီပမာဏ လျော့နည်းသွားပါက ပြည်ပတင်ပို့မှုမှာလည်း လျင်မြန်စွာလိုက်ပါပြောင်းလဲသွားလေ့ရှိကြောင်း သိရပါသည်။
ကိုလံဘီယာနိုင်ငံသည် ကမ္ဘာ့အဓိက Washed Arabica ကော်ဖီ တင်ပို့သည့် နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီး၊ ၎င်း၏ ပြည်ပအရောင်းမှာ အမေရိကန်နှင့် ဥရောပကဲ့သို့သော စျေးကွက်များသို့ အဓိက ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း သိရပါသည်။ ကိုလံဘီယာ ကော်ဖီစေ့များ၏ အရည်အသွေးကြောင့် ကမ္ဘာ့ကော်ဖီကုန်သွယ်မှုတွင် ထင်ရှားသောနေရာတစ်ခုကို ရရှိထားနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Source: Reuter
DOCA (ရန်ကုန်)
