
အမေရိကန် စိုက်ပျိုးရေးဌာန (USDA) သည် အမေရိကန် လယ်သမားများနှင့် ထုတ်လုပ်သူများထံမှ နို့ထွက်ပစ္စည်းနှင့် စိုက်ပျိုးရေးထွက်ကုန်များကို အမေရိကန်ဒေါ်လာ ၂၆၃ သန်းဖိုးအထိ ဝယ်ယူရန် ရည်ရွယ်ထားကြောင်း သိရပါသည်။
အဆိုပါ ထွက်ကုန်ပစ္စည်းများကို အမေရိကန်တစ်ဝန်းရှိ စားနပ်ရိက္ခာဘဏ် (Food Banks) များနှင့် အာဟာရဆိုင်ရာ အကူအညီပေးရေး အစီအစဉ်များသို့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။ အမေရိကန် စိုက်ပျိုးရေးဝန်ကြီး Brooke L. Rollins ၏ ပြောကြားချက်အ အဆိုပါဝယ်ယူမှုများကို ၁၉၃၅ ခုနှစ် စိုက်ပျိုးရေးအက်ဥပဒေ ပုဒ်မ ၃၂ အရ USDA ၏ လုပ်ပိုင်ခွင့်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ထုတ်လုပ်သူများနှင့် အကူအညီလိုအပ်နေသည့် လူမှုအသိုက်အဝန်းများကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။
အဆိုပါလုပ်ဆောင်ချက်နှင့် ပတ်သက်၍ ထရမ့်အစိုးရအဖွဲ့က "အမေရိကန် စိုက်ပျိုးရေးကဏ္ဍ၊ ကျေးလက်ဒေသများနှင့် အာဟာရဆိုင်ရာ အကူအညီလိုအပ်နေသူများကို ပံ့ပိုးပေးခြင်းဖြင့် အမေရိကန်၏ သာယာဝပြောမှုကို မြှင့်တင်ပေးနေခြင်းဖြစ်သည်" ဟု ပြောကြားခဲ့ပါသည်။
ဝန်ကြီး Rollins က "နို့နှင့် နို့ထွက်ပစ္စည်းများမှသည် သစ်သီးဝလံများ၊ ပဲမျိုးစုံနှင့် သစ်မာသီးများအထိ အဆိုပါ အခြေခံစားသောက်ကုန်များသည် မိသားစုများကို ကျွေးမွေးရန်နှင့် အမေရိကန်၏ စိုက်ပျိုးရေးစီးပွားရေးကို ထိန်းကျောင်းရန်အတွက် မရှိမဖြစ်လိုအပ်ပါသည်" ဟု ပြောကြားခဲ့ပါသည်။
အဆိုပါ USDA Foods ပစ္စည်းများကို အရေးပေါ် စားနပ်ရိက္ခာအကူအညီပေးရေး အစီအစဉ် (TEFAP) ကို ဆောင်ရွက်နေသည့် စားနပ်ရိက္ခာဘဏ်များအပါအဝင် USDA ၏ အစားအစာနှင့် အာဟာရဝန်ဆောင်မှုဌာန (FNS) ၏ အစီအစဉ်များသို့ ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
Source: Agriland
DOCA (ရန်ကုန်)
