
အနောက်အာရှတင်းမာမှုများကြောင့် အီရန်နှင့် ပင်လယ်ကွေ့ဈေးကွက်များသို့ တင်ပို့ နေသည့် အိန္ဒိယ၏ ဘာစမာတီဆန်ကုန်သွယ်မှု အလားအလာ ဝေဝါးနေသည့်အတွက် ဆန် တင်ပို့သူများ၏ ရှယ်ယာဈေးနှုန်းများ ကျဆင်းသွားပြီး တင်ပို့သူများက ပိတ်မိနေသော ကုန်စည် များနှင့် သင်္ဘောတင်ခစရိတ်များအတွက် သက်သာခွင့်ရရန် ကြိုးပမ်းနေကြသည်။
အနောက်အာရှဒေသ၏ မတည်ငြိမ်သော အခြေအနေများသည် အိန္ဒိယ၏ ဆန်တင်ပို့မှု အလားအလာကို ထိခိုက်စေနိုင်ပြီး ၂-၃-၂၀၂၆ ရက်နေ့တွင် အဓိကဆန်တင်ပို့သည့် ကုမ္ပဏီကြီး များဖြစ်သော LT Foods၊ KRBL၊ Chaman Lal Setia နှင့် GRM Overseas တို့၏ ရှယ်ယာဈေး နှုန်းများ ကျဆင်းခဲ့ကြောင်း၊ LT foods (Daawat) နှင့် KRBL (India Gate) တို့၏ ရှယ်ယာဈေး နှုန်းများသည် ယခင် အရောင်းအဝယ်ဖြစ်ခဲ့သည့်နေ့နှင့် နှိုင်းယှဉ်ပါက ၂-၃-၂၀၂၆ ရက်နေ့တွင် ဘုံဘေစတော့ အိတ်ချိန်း (BSE) ၌ ၅.၅ ရာခိုင်နှုန်း နှင့် ၂.၇ ရာခိုင်နှုန်းစီ အသီးသီး ကျဆင်းခဲ့ပြီး ရူပီး ၃၈၀ နှင့် ၃၃၀.၅၀ သို့ ရောက်ရှိသွားကြောင်း သိရှိရသည်။ Chaman Lal Setia နှင့် GRM Overseas တို့၏ ရှယ်ယာများသည် ၇-၁၁-၂၀၂၅ ရက်နေ့ က အရောင်းအဝယ်ဖြစ်ခဲ့သည့်ဈေးနှင့် နှိုင်းယှဉ်ပါက ၂-၃-၂၀၂၆ ရက်နေ့တွင် ၃.၅ ရာခိုင်နှုန်းနှင့် ၁.၄ ရာခိုင်နှုန်းစီ ကျဆင်းခဲ့ကာ ရူပီး ၂၆၁ နှင့် ရူပီး ၁၅၉.၃၅ သို့ အသီးသီးရောက်ရှိခဲ့သည်။
ဆန်တင်ပို့သူများအနေဖြင့် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော မတည်ငြိမ်သည့် ပထဝီ နိုင်ငံရေး တင်းမာမှုများကို ဆက်လက်သုံးသပ်နေဆဲဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ဆန်တင်ပို့သူများအသင်း (AIREA) ဥက္ကဋ္ဌ Satil Goyal က လက်ရှိတွင် အီရန်က အေဂျင်စီများနှင့် အဆက်အသွယ် မရသေးသောကြောင့် အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း FE သို့ ပြောကြားခဲ့သည်။ အီရန်နိုင်ငံသည် ဆော်ဒီအာရေးဗီးယား၊ အီရတ်နှင့် အာရပ်စော်ဘွားများ ပြည် ထောင်စုတို့နှင့်အတူ အိန္ဒိယနိုင်ငံထံမှ ရနံ့မွှေးဆန်ရှည်မျိုး (ဘာစမာတီဆန်) ကို နှစ်ပေါင်းများစွာ ကြာအောင် အများဆုံးတင်သွင်းသည့် နိုင်ငံများထဲတွင် ပါဝင်သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ် ခန့်က အီရန်သို့ ဆန်တင်ပို့မှုသည် တန်ချိန် ၁ သန်းကျော်အထိ ရှိခဲ့ဖူးသည်။
ဆန်တင်ပို့သူများအနေဖြင့် အိန္ဒိယ၏ ဆန်တင်ပို့မှုကဏ္ဍတွင် အရှေ့အလယ်ပိုင်းဒေသ၏ အရေးပါမှုကြောင့် ပဋိပက္ခများသည် အခြားအရှေ့အလယ်ပိုင်းနိုင်ငံများသို့ ပျံ့နှံ့သွားပါက သက် ရောက်မှုမှာ ပိုမိုပြင်းထန်လာမည်ကို စိုးရိမ်နေကြကြောင်း၊ ဆန်တင်ပို့သူများသည် ပဋိပက္ခ ကြောင့် ဖြစ်ပေါ်လာသည့် အခြေအနေများကို သုံးသပ်ရန် အိန္ဒိယနိုင်ငံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ၂-၃-၂၀၂၆ရက်နေ့တွင် ခေါ်ယူသည့် အစည်းအဝေးသို့ တက်ရောက် ခဲ့ကြသည်။ AIREA မှ Goyal က ဆိပ်ကမ်းများတွင် ပိတ်မိနေသည့် ကုန်စည်များနှင့် အခြား ဆက် စပ်နေသည့် သင်္ဘောတင်ခ၊ အာမခံကြေး ကိစ္စများအတွက် ဆန်တင်ပို့သူများဘက်မှ ဒဏ်ကြေး မဆောင်ရအောင် ဆောင်ရွက်ပေးရန် အစိုးရအား တောင်းဆိုထားကြောင်း ပြောကြားခဲ့သည်။
ဆန်တင်ပို့သူများသည် လက်ရှိအခြေအနေများကို သုံးသပ်ရန် ၃-၃-၂၀၂၆ရက်နေ့တွင် စိုက် ပျိုးရေးနှင့် ပြုပြင်ပြီး အစားအသောက် ထုတ်ကုန်များ တင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင် အဖွဲ့ (APEDA) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံရန်ရှိကြောင်း၊ အမေရိကန်၏ တိုက်ခိုက်မှု ဖြစ်လာ နိုင်သည်ကို ကြိုတင်မျှော်မှန်းကာ ပြည်တွင်းရိက္ခာ သိုလှောင်မှု မြှင့်တင်ရန်အတွက် အီရန်ပိုင် အစိုးရ ကုန်သွယ်ရေးကော်ပိုရေးရှင်းသည် ယခင်လက ဘာစမာတီဆန် တန်ချိန် ၀.၆ သန်း ခန့် အား အိန္ဒိယတင်ပို့သူများထံမှမှာယူခဲ့ကြောင်း ကုန်သွယ်ရေးသတင်းရင်းမြစ်များ၏ ပြောကြား ချက်အရ သိရှိရသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း အိန္ဒိယသည် ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သည့် နိုင်ငံအဖြစ် ရပ်တည်ခဲ့ပြီး ကမ္ဘာ့ဆန်ကုန်သွယ်မှု ဈေးကွက်၏ ရှယ်ယာ ၃၅ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ရရှိထားကြောင်း၊ ၂၀၂၅ ဘဏ္ဍာနှစ်တွင် အိန္ဒိယ၏ ဆန်တင်ပို့မှု တန်ဖိုးမှာ စံချိန်တင် အမေရိကန် ဒေါ်လာ ၁၂.၉၅ ဘီလီယံ ရှိခဲ့သော်လည်း ၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလအထိ ကာလ အတွင်းတွင် ဆန်တင်ပို့မှုတန်ဖိုးမှာ ဒေါ်လာ ၉.၃၃ ဘီလီယံသာ ရှိသဖြင့် ယခင်နှစ် အလားတူ ကာလထက် ၇.၅ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း သိရှိရသည်။
အဆိုပါ ပဋိပက္ခမဖြစ်ပွားမီက အီရန်သို့ ဆန်တင်ပို့မှုအတွက် ငွေပေးချေမှု ပြီးဆုံးရန် ၃လမှ ၄ လခန့် ကြာမြင့်လေ့ရှိပြီး ပဋိပက္ခ၏ ရှေ့အလားအလာ ဦးတည်ချက်အပေါ် မူတည်ကာ အနာ ဂတ် ဆန်တင်ပို့နိုင်မည့် အလားအလာကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။ ပန်ဂျပ်ပြည်နယ်၊ ဘာစ မာတီဆန်စက်ပိုင်ရှင်များနှင့် တင်ပို့သူများအသင်း ဒုတိယဥက္ကဋ္ဌ Ranjit Singh Jossan က လက် ရှိဖြစ်ပွားနေသော ပဋိပက္ခသည် ဘဏ်လုပ်ငန်းစနစ်များ၊ နိုင်ငံတကာ ငွေလွှဲပြောင်းမှုများနှင့် ငွေ ပေးချေမှု ကြန့်ကြာမှုများနှင့် သတ်မှတ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် အခက်အခဲရှိလာ နိုင်ပြီး အိန္ဒိယဆန်မွှေးများအတွက် အဓိက ဈေးကွက်ဖြစ်သော အရှေ့အလယ်ပိုင်း ဈေးကွက် တစ်ခုလုံးကို အနှောင့်အယှက်ဖြစ်စေရန် ခြိမ်းခြောက်နေကြောင်း ပြောကြားခဲ့သည်။
Source: Rice News Today, 3 March 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
