Main menu

ကမ္ဘောဒီးယားနိုင်ငံ၏ ဒေသဆိုင်ရာအညွှန်း (GI) ရရှိပြီးသော ငရုတ်ကောင်း အားကောင်းခိုင်မာစေရေး မဟာဗျူဟာချမှတ်

Powered by Drupal

   ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် Kampot ငရုတ် ကောင်း မြှင့်တင်ရေးအသင်းအဖွဲ့ (KPPA) တို့သည် ဥရောပသမဂ္ဂမှ အသိအမှတ်ပြုထားသည့် အကာအကွယ်ပေးထားသော ဒေသဆိုင်ရာအညွှန်း (PGI) ရရှိထားပြီးဖြစ်သော Kampot ဒေသ ထွက်ငရုတ်ကောင်းထုတ်ကုန်များ၏ စျေးကွက်တန်ဖိုးနှင့် ဂုဏ်သတင်းမြှင့်တင်ရေး ကတိကဝတ် ကို ၂၇-၂-၂၀၂၆ ရက်နေ့တွင် အတည်ပြုခဲ့သည်။

    Kampot ပြည်နယ်ရှိ KPPA ဌာနချုပ်တွင် ကမ္ဘောဒီးယား စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Ouk Prachea က ဦးဆောင်ကျင်းပခဲ့သည့် ဝန်ကြီးဌာနနှင့် Kampot ငရုတ်ကောင်းမြှင့်တင်ရေးအသင်းအဖွဲ့တို့အကြား သုံးသပ်ဆွေးနွေးသည့် အစည်းအဝေး တွင် ကတိကဝတ်တစ်ရပ် ချမှတ်ခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် နိုင်ငံခြားဈေးကွက် များ၌ GI ရရှိထားသော Kampot ငရုတ်ကောင်းကို အထောက်အပံ့ဖြစ်စေရန်အတွက် မဟာဗျူဟာ လမ်းပြ မြေပုံကို ထုတ်ပြန်ကြေညာခဲ့သည်။

     ဆက်လက်၍ Prachea က ယခင်နှစ်တွင် အဆိုပါအသင်းအဖွဲ့၏ အောင်မြင်မှုများသည် သာမာန်ကုန်သွယ်မှုသက်သက်မျှမဟုတ်ပဲ Kampotနှင့် Kepဒေသများတွင် လူတိုင်းပါဝင်နိုင်သည့် ရေရှည်တည်တံ့ခိုင်မြဲမှုရှိသော ကျေးလက်စီးပွားရေးအတွက် အဓိကမောင်းနှင်အားအဖြစ် ဆောင် ရွက်လျက်ရှိကြောင်း အလေးထားပြောကြားခဲ့ပါသည်။

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် အမျိုးသားမူပိုင်ခွင့်စီမံခန့်ခွဲရေး ကော်မတီတို့သည် အဆိုပါအသင်းအပေါ် ထားရှိသည့် ၎င်းတို့၏ ကတိကဝတ်ပြုထားမှုကို ထပ်မံ အတည်ပြုခဲ့သည်။ မဟာဗျူဟာသည် အဓိကမဏ္ဍိုင်သုံးရပ်အပေါ် အခြေခံထားပြီး အဆိုပါမဏ္ဍိုင် များမှာ အဆင့်မြင့် နိုင်ငံတကာစျေးကွက်များတွင် ပိုမိုပြင်းထန်စွာ ယှဉ်ပြိုင်နိုင်ရန်အတွက်  Kampot ငရုတ်ကောင်း အမှတ်တံဆိပ်ကို မြှင့်တင်ခြင်း၊ ဒေသဆိုင်ရာအညွှန်း(GI) ဖွံ့ဖြိုးတိုးတက်ရေး အတွက်  အမျိုးသားမဟာဗျူဟာကို တိတိကျကျ အကောင်အထည်ဖော်ခြင်းနှင့် “အနက်ရောင် ရွှေ” ဟု တင်စားခေါ်ဝေါ်ခြင်းခံရသည့် ထုတ်ကုန်၏ နာမည်ကောင်းကို မထိခိုက်စေရန် GI သတ် မှတ်ချက်များကို တိတိကျကျ လိုက်နာခြင်းတို့ ဖြစ်သည်။

    ဆက်လက်၍ Ouk Prachea က ခေတ်မီတီထွင်ဆန်းသစ်မှုအလေ့အထများနှင့် ဓလေ့ ထုံးထမ်းစည်းမျဉ်းကို ပေါင်းစပ်ခြင်းဖြင့် Kampot ငရုတ်ကောင်းမြှင့်တင်ရေး အသင်းအဖွဲ့အနေဖြင့် ကမ္ဘာတစ်ဝန်း Kampot ငရုတ်ကောင်း၏ ဈေးကွက်တန်ဖိုးနှင့် ဂုဏ်သတင်းကြီးမှုကို ဆက်လက် မြှင့်တင်နိုင်ပေလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

    အစီရင်ခံစာအရ ကမ္ဘောဒီးယားနိုင်ငံမှ ထုတ်လုပ်သည့် Kampot ငရုတ်ကောင်း၏ ၈၅ ရာခိုင်နှုန်းခန့်ကို ပြင်သစ်၊ ဂျာမနီ၊ ကိုရီးယား၊ ရုရှား၊ အမေရိကန်ပြည်ထောင်စု၊ ချက်နိုင်ငံနှင့် စင်္ကာပူနိုင်ငံ အစရှိသည့် နိုင်ငံခြားစျေးကွက်များသို့ တင်ပို့ပြီး  ၁၅ ရာခိုင်နှုန်းခန့်ကို ပြည်တွင်း စျေးကွက်တွင် ဖြန့်ဖြူးရောင်းချလျက်ရှိသည်။

   Kampot ငရုတ်ကောင်းတွင် အနက်ရောင်၊ အနီရောင်နှင့် အဖြူရောင်ဟူ၍ မျိုးကွဲသုံးမျိုး ရှိသည်။ ၂၀၂၅ ခုနှစ်တွင် Kampot ငရုတ်ကောင်းကို ယခင်နှစ်ထက် မြင့်မားသော စျေးနှုန်းဖြင့် ရောင်းချခဲ့ပြီး အနက်ရောင်ငရုတ်ကောင်း တစ်တန်လျှင် ဒေါ်လာ ၁,၇၀၀၊ အနီရောင် ငရုတ် ကောင်းတစ်တန်လျှင် ဒေါ်လာ ၂,၇၀၀နှင့် အဖြူရောင်ငရုတ်ကောင်း တစ်တန်လျှင် ဒေါ်လာ ၃,၀၀၀ ဖြင့် ရောင်းချခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

Source: Khmer Times, 1 March 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)