Main menu

လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက် ညှိနှိုင်းဆွေးနွေးမှုများကို အရှိန်မြှင့်တင် ဆောင်ရွက်နေသည့် ဗီယက်နမ်နှင့် EFTA

Powered by Drupal

         ဗီယက်နမ်နှင့် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုက်စလန်နှင့် လတ်ချင်းစတိန်းတို့နှင့်ဖွဲ့စည်းထားသည့် European Free Trade Association (EFTA) တို့အကြား ၁၉ ကြိမ်မြောက် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် (FTA) ညှိနှိုင်းဆွေးနွေးပွဲကို Geneva မြို့၌ ကျင်းပလျက်ရှိပြီး နှစ်ဖက်စလုံးအနေဖြင့် သဘောတူညီစာချုပ်ကို အမြန်ဆုံးချုပ်ဆိုနိုင်ရေးအတွက်  အားကောင်းသော ဆန္ဒရှိနေကြောင်း သိရပါသည်။ ဖေဖော်ဝါရီ ၂၅ ရက်တွင် ဆွစ်ဇာလန်နှင့် နှစ်ဖက်တွေ့ဆုံမှုအတွင်း ကျန်ရှိနေသည့် အရေးကြီးအချက်အလက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ ကုန်စည်များကုန်သွယ်မှု၊ ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ မူပိုင်ခွင့်၊ ရေရှည်တည်တံ့ဖွံ့ဖြိုးရေးနှင့် အစိုးရ၏ဝယ်ယူမှုကဏ္ဍများအပါအဝင် အဓိကကဏ္ဍများတွင် ထင်ရှားသည့် တိုးတက်မှုများ ရရှိထားကြောင်း နှစ်ဖက်စလုံးက အသိအမှတ်ပြုခဲ့ပါသည်။ ညှိနှိုင်းမှုလုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်နိုင်ရန် နှစ်ဖက်စလုံးသည် အကြောင်းအရာအသစ်များ မထည့်သွင်းတော့ဘဲ ကျန်ရှိသည့်ကွဲပြားချက်များကို ညှိနှိုင်းဖြေရှင်းသွားရန် သဘောတူခဲ့ကြကြောင်း သိရပါသည်။ EFTA ဘက်မှ ဗီယက်နမ်၏ ကြိုးပမ်းအားထုတ်မှုများနှင့် စျေးကွက်ဝင်ရောက်ခွင့်ဆိုင်ရာ အဆိုပြုချက်များကို ချီးကျူးခဲ့ပြီး ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် နည်းပညာလွှဲပြောင်းပေးရေးတွင် ၎င်းတို့အဖွဲ့၏ အစဉ်အလာအားသာချက်များကို ထပ်မံအတည်ပြုပြောကြားခဲ့ကြောင်း သိရပါသည်။ လက်ရှိတွင် နည်းပညာဆိုင်ရာအဖွဲ့များက ဥပဒေရေးရာစစ်ဆေးသုံးသပ်မှုများကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိသည့် လုပ်ငန်းစဉ်များကို အပြီးသတ်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရပါသည်။ ညှိနှိုင်းမှုများအပြီးသတ်ပါက ယခုနှစ် ဇွန်လတွင် Iceland ၌ ကျင်းပမည့် EFTA ဝန်ကြီးချုပ်အဆင့် အစည်းအဝေးတွင် သဘောတူစာချုပ်လက်မှတ်ရေးထိုးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးပါက ဗီယက်နမ်နှင့် ဥရောပ၏ ဖွံ့ဖြိုးတိုးတက်မှုမြင့်မားသည့် စီးပွားရေးအင်အားရှိနိုင်ငံများအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေးများကို အားကောင်းစေပြီး ထောက်ပံ့မှုကွင်းဆက်များနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်မည်ဟု မျှော်မှန်းရကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)