၂၀၂၆ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ သဘာဝရော်ဘာဝယ်လိုအားသည် ခြောက်နှစ်ဆက် တိုက် ထုတ်လုပ်မှုပမာဏကို ကျော်လွန်သွားဖွယ်ရှိပြီး ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများရှိ မော်တော် ယာဉ်ကဏ္ဍတွင် အရှိန်အဟုန်မြင့်တက်လာမှုက ရော်ဘာသုံးစွဲမှုကို တွန်းအားပေးလျက်ရှိကြောင်း စက်မှုလုပ်ငန်းအဖွဲ့တစ်ခုက ပြောကြားခဲ့သည်။
ကမ္ဘာ့သဘာဝရော်ဘာထုတ်လုပ်မှုသည် ၂၀၂၅ ခုနှစ်တွင် ၁.၄ ရာခိုင်နှုန်း အသင့်အတင့်သာ တိုးတက်ခဲ့ပြီးနောက် ၂၀၂၆ ခုနှစ်တွင် ၂.၄ ရာခိုင်နှုန်းတိုးတက်ပြီး တန်ချိန် ၁၅.၂ သန်းသို့ ရောက်ရှိ ရန် ခန့်မှန်းထားကြောင်း သဘာဝရော်ဘာထုတ်လုပ်သည့်နိုင်ငံများအသင်း (ANRPC) က ရိုက်တာ သတင်းဌာနထံသို့ အီးမေးလ်ဖြင့် ပြန်ကြားခဲ့မှုအပေါ် သိရှိရသည်။
ANRPC ၏ပြောကြားချက်အရ ထုတ်လုပ်မှုတိုးတက်နှုန်းသည် ၂၀၂၅ ခုနှစ်မှစ၍ တောင်သူ လက်ခံရရှိသည့်ဈေးနှုန်းများ မြင့်တက်လာသော်လည်း ရာသီဥတုဆိုးရွားခြင်း၊ ရော်ဘာပင်အိုများ ပြန်လည်စိုက်ပျိုးမှု အကန့်အသတ်ရှိခြင်း၊ နှစ်ပေါင်းများစွာ ဈေးနှုန်းကျဆင်းမှုဒဏ်ကြောင့် အသေးစားတောင်သူများအကြား ကုန်ထုတ်စွမ်းအား အဆက်မပြတ်နိမ့်ကျနေခြင်းနှင့် မြေယာ အသုံးချမှုဆိုင်ရာ အပြောင်းအလဲများကြောင့် မျှော်မှန်းချက်ထက် နောက်ကျကျန်နေဆဲဖြစ်သည် ဟု သိရှိရသည်။
ANRPC က ရော်ဘာစိုက်ခင်းများတွင် အရွက်ကြွေစေသည့် ရောဂါဖြစ်ပွားမှုနှင့် အဓိက ရင်ဆိုင်နေရပြီး ယင်းရောဂါသည် ရော်ဘာထုတ်လုပ်သော နိုင်ငံအများအပြားသို့ ပျံ့နှံ့ကာ အချို့ ဒေသများတွင် ၃၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအထိ မြင့်မားသော ရော်ဘာအထွက်နှုန်း ဆုံးရှုံးမှုများ ဖြစ်ပေါ်စေကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။
လက်ရှိ ၂၀၂၆ ခုနှစ်တွင် တရုတ်၊ ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတို့၌ ရော်ဘာဝယ် လိုအား တိုးတက်မှုသည် အနည်းငယ်မျှသာ ပြန်လည်နာလန်ထူလာမည်ဟု မျှော်လင့်ရကြောင်း၊ အဆိုပါအခြေအနေသည် အီးယူ၌ မော်တော်ယာဉ်အသစ်များ မှတ်ပုံတင်မှု မြင့်တက်လာခြင်း၊ အမေရိကန်တွင် တာယာတင်ပို့မှု ခန့်မှန်းချက် ပိုမိုအားကောင်းလာခြင်း၊ ရော်ဘာထုတ်ကုန်များ နှင့် သက်ဆိုင်သည့် အီးယူ-အိန္ဒိယနှင့် အမေရိကန်-အိန္ဒိယ ကုန်သွယ်ရေး သဘောတူညီချက်များ နှင့် တရုတ်နိုင်ငံတွင် လျှပ်စစ်ကားဝယ်ယူမှုအတွက် အစိုးရ၏ ဆက်လက်မက်လုံးပေးမှုများ ကြောင့် ဖြစ်နိုင်ခြေရှိသည်ဟု ANRPC က ဆက်လက်ပြောကြားခဲ့သည်။
၂၀၂၆ ခုနှစ်တွင် စုစုပေါင်းဝယ်လိုအားသည် ၁.၇ ရာခိုင်နှုန်း တိုးတက်ကာ ၁၅.၆ သန်းတန် သို့ ရောက်ရှိရန် ခန့်မှန်းထားပြီး ကမ္ဘာ့အကြီးဆုံး သဘာဝရော်ဘာ သုံးစွဲသူများဖြစ်သော တရုတ် နှင့် အိန္ဒိယနိုင်ငံတို့၏ ဝယ်လိုအားသည် ၁.၇ ရာခိုင်နှုန်းနှင့် ၃.၆ ရာခိုင်နှုန်းသို့ အသီးသီး တိုးတက် ရန် ခန့်မှန်းထားကြောင်း ANRPC က ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါအခြေအနေသည် ကမ္ဘာ့စျေးနှုန်းများ တည်မြဲနေစေရန် အထောက်အကူပြုနိုင်ဖွယ် ရှိကြောင်း၊ တိုကျို၏ ရော်ဘာရည်ညွှန်းနှုန်းထားသည် ၂၀၂၅ ခုနှစ်တွင် ကျဆင်းခဲ့ပြီးနောက် ၂၀၂၆ ခုနှစ်တွင် ၃ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ကြောင်း၊ ရော်ဘာသည် ၂၀၂၄ ခုနှစ်တွင် ကုန်စည်ဈေးကွက် များအကြား အမြတ် ၄၆ ရာခိုင်နှုန်းဖြင့် အမြတ်အများဆုံး ရရှိခဲ့သည့် ကုန်စည်များထဲမှ တစ်ခုဖြစ် ခဲ့သည်။
သုံးစွဲမှုနှင့်ထုတ်လုပ်မှုအကြား မညီမျှမှုသည် စျေးနှုန်းများ မြင့်တက်မှုအပေါ် အားပေးနေ ပြီး ကမ္ဘာ့သဘာဝရော်ဘာဈေးကွက်ဖွဲ့စည်းပုံဆိုင်ရာ တင်းကျပ်မှုကို ဆက်လက်တည်မြဲစေရန် မျှော်လင့်ကြောင်း ANRPC က ပြောကြားခဲ့သည်။
ကမ္ဘာ့အကြီးဆုံး ရော်ဘာထုတ်လုပ်သည့် ထိုင်းနိုင်ငံ၏ ၂၀၂၆ ခုနှစ် ထုတ်လုပ်မှုမှာ ယခင် အတိုင်း ဆက်လက်တည်ငြိမ်နေမည်ဟု ခန့်မှန်းရပြီး ဒုတိယအကြီးဆုံး ထုတ်လုပ်သူ အင်ဒိုနီးရှား နိုင်ငံကမူ စျေးနှုန်းနိမ့်ကျမှု၊ ရော်ဘာရွက်ရောဂါများနှင့် ဆီအုန်းစိုက်ခင်းများအဖြစ် မြေယာအသွင် ပြောင်းလဲမှုတို့ကြောင့် ၂၀၂၂ ခုနှစ်မှစတင်ကာ ထုတ်လုပ်မှု ဆက်လက်ကျဆင်းနိုင်ကြောင်း ANRPC က ပြောကြားခဲ့သည်။
အိုင်ဗရီကို့စ်နိုင်ငံသည် ရော်ဘာစိုက်ဧက စဉ်ဆက်မပြတ် တိုးချဲ့နိုင်ခြင်းနှင့် အသေးစား စိုက်ခင်းများ၏ ထုတ်လုပ်နိုင်စွမ်း မြင့်မားခြင်းတို့ကြောင့် ဗီယက်နမ်နိုင်ငံကို ကျော်တက်ကာ ကမ္ဘာ့ တတိယအကြီးဆုံး ရော်ဘာထုတ်လုပ်သည့်နိုင်ငံအဖြစ် ပေါ်ထွက်လာရန် အသင့်ရှိနေကြောင်း အဆိုပါအဖွဲ့က ထပ်မံပြောကြားခဲ့သည်။
Source: Reuters, 19 February 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
