
အိန္ဒိယနိုင်ငံ၏ စားအုန်းဆီတင်သွင်းမှုသည် လေးလတာအတွင်း အမြင့်ဆုံးအဖြစ် ယခင်လ တင်သွင်းမှုထက် ဇန်နဝါရီလတွင် ၅၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ပြိုင်ဖက် ပဲပုပ်ဆီထက် ဈေးနှုန်းပိုမိုသက်သာမှုက ဆီပြန်လည်သန့်စင်သည့် လုပ်ငန်းလုပ်ကိုင်သူများကို ဝယ်ယူမှုမြှင့်တင် ရန် တွန်းအားဖြစ်စေခဲ့ကြောင်း၊ သို့ဖြစ်၍ ၎င်းလ၌ အိန္ဒိယ၏ ပဲပုပ်ဆီ တင်သွင်းမှုသည် ၁၉ လ အတွင်း အနိမ့်ဆုံးသို့ ကျဆင်းခဲ့ကြောင်း The Edge Malaysia သတင်းဌာနက ဖော်ပြပါသည်။
အိန္ဒိယ၏ စားအုန်းဆီ အမြောက်အမြားတင်သွင်းမှုသည် အင်ဒိုနီးရှားနှင့် မလေးရှားတို့၏ ကုန်လက်ကျန် ပမာဏများကို လျော့ကျစေခဲ့ပြီး မလေးရှားစားအုန်းဆီ စံပြုကြိုတင်အရောင်း ဈေး နှုန်းကို အထောက်အပံ့ပြုသည့်အပြင် အမေရိကန်၏ ပဲပုပ်ဆီ ကြိုတင်အရောင်းဈေးနှုန်းအပေါ်ကို လည်း ဖိအားပေးလျက်ရှိသည်။
အိန္ဒိယ ဆီကြိတ်ခွဲထုတ်လုပ်သူများအသင်း (Solvent Extractors' Association of India ̶ SEA) ၏ ဖေဖော်ဝါရီ ၁၃ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံသည် ဇန်နဝါရီလတွင် စားအုန်းဆီ မက်ထရစ်တန်ချိန် ၇၆၆၃၈၄ တန်ကို တင်သွင်းခဲ့ရာ ၂၀၂၅ ခုနှစ် စက်တင်ဘာလ နောက်ပိုင်း၌ အမြင့်မားဆုံးဖြစ်ကြောင်း၊ ပဲပုပ်ဆီ တင်သွင်းမှုမှာမူ ယခင်လအောက် ၄၄ ရာခိုင်နှုန်း ကျဆင်းလျက် တန်ချိန် ၂၇၈၈၈၈ ဖြင့် ၂၀၂၄ ခုနှစ် ဇွန်လနောက်ပိုင်းတွင် အနိမ့်ဆုံးဖြစ်ကြောင်း၊ နေကြာဆီ တင်သွင်းမှုသည်လည်း ယခင်လအောက် ၂၃.၈ ရာခိုင်နှုန်း လျော့နည်းပြီး ၂၆၆၅၇၅ တန်သာ ရှိကြောင်း သိရှိရသည်။
ထိုသို့ ပဲပုပ်ဆီနှင့် နေကြာဆီ တင်သွင်းမှုကျဆင်းခဲ့ခြင်းကြောင့် ဇန်နဝါရီလ၌ အိန္ဒိယ၏ စုစုပေါင်း စားသုံးဆီတင်သွင်းမှုသည် ယခင်လအောက် ၃.၇ ရာခိုင်နှုန်း လျော့နည်းလျက် တန်ချိန် ၁.၃၁ သန်းသို့ ကျဆင်းခဲ့သည်။ SEA အသင်း၏ အဆိုအရ အိန္ဒိယနိုင်ငံ၏ စားသုံးဆီသိုလှောင်မှု လက်ကျန်မှာ ယခင်နှစ်ကာလတူ၌ တန်ချိန် ၂.၁၈ သန်းရှိခဲ့ရာမှ ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တန်ချိန် ၁.၇၅ သန်းသို့ ကျဆင်းခဲ့သည်ဟု သိရသည်။
မွန်ဘိုင်းမြို့၌အခြေစိုက်ပြီး ကမ္ဘာတစ်ဝန်းသို့ ကုန်သွယ်မှုလုပ်ကိုင်သူ စားသုံးဆီဖြန့်ချိရေး လုပ်ငန်းရှင်တစ်ဦးက လက်ရှိကာလတွင် ပဲပုပ်ဆီနှင့် နှိုင်းယှဉ်ပါက စားအုန်းဆီဈေးနှုန်းသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ ကျော် လျော့နည်းကွာဟမှုရှိကြောင်း၊ ယင်းအခြေအနေ က အိန္ဒိယနိုင်ငံရှိ ဆီပြန်လည်သန့်စင်သည့်လုပ်ငန်းများကို ပိုမိုဆွဲဆောင်မှုဖြစ်စေကြောင်း၊ အိန္ဒိယ ဝယ်လက်များအနေဖြင့် ဈေးနှုန်းကြီးမြင့်သော နေကြာဆီမှ ပိုမိုဈေးသက်သာသည့် စားအုန်းဆီကို ပြောင်းလဲဝယ်ယူလာကြသဖြင့် ဖေဖော်ဝါရီလ၌ စားအုန်းဆီတင်သွင်းမှုသည် တန်ချိန် ၈၀၀၀၀၀ ကို ကျော်လွန်ဖွယ်ရှိကြောင်း ပြောဆိုခဲ့သည်။
Source: The Edge Malaysia, 13 Feb 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
