
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်း စရာ အသိပညာပေး Talk Show ကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ မွန်းလွဲ ၂:၀၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။
အဆိုပါ Talk Show တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ် က စားသုံးသူကာကွယ်ရေးဥပဒေပေါ်ပေါက်လာပုံနှင့် ရည်ရွယ်ချက်များ၊ အခွင့် အရေးများ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေအကြောင်းအရာများကို မေးမြန်းရာ စားသုံးသူ ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း က စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် စတင်ပြဌာန်းခဲ့ကြောင်းနှင့် ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ပိုမိုပြည့်စုံအောင် ပြန်လည်ပြင်ဆင်ဖြည့်စွက်ပြဌာန်းခဲ့ပါကြောင်း၊ ဥပဒေပြဌာန်းရခြင်း ရည်ရွယ်ချက် များနှင့်စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေး ၈ ချက်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းများကို နည်းလမ်းပေါင်းစုံဖြင့် အသိပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူတစ်ရပ်လုံး သိရှိနားလည်ပြီး လုပ်ငန်းရှင်များမှလည်း မိမိတို့ထုတ်လုပ်သော ကုန်စည်များကို ဥပဒေများနှင့် အညီထုတ်လုပ်လာစေခြင်း၊ စားသုံးသူများမှလည်း ကုန်စည်၊ ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူ တတ်လာစေခြင်း၊ မိမိတို့၏ အခွင့်အရေးများကို သိရှိနားလည်၍ နစ်နာဆုံးရှုံးမှုများကို အရေးဆို တိုင်ကြားလာနိုင်စေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ အောင်မြင်တိုးတက်လာမည်ဖြစ်ပါသည်။ ယခု အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလည်း Facebook စာမျက်နှာနှင့် Telegram Channel, MOI Website တို့တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
DOCA(မန္တလေး)
