
မြင်းခြံခရိုင်ဦးစီးမှူးရုံး၌ (၇.၂.၂၀၂၆) ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး နှင့် မြင်းခြံမြို့နယ်ရှိ စားသောက်ကုန်ထုတ်လုပ်သော လုပ်ငန်းရှင်များ တွေ့ဆုံ၍ ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုး (လက်ထောက်ညွှန်ကြားရေးမှူး)က စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးကိုလည်း အားပေးကူညီဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ထုတ်လုပ်သော ကုန်စည်များကို အရည်အသွေးပြည့်ဝကောင်းမွန်ပြီး စားသုံးသူအတွက် ဘေးအန္တရာယ် ကင်းရှင်းမှုရှိအောင် စီးပွားရေးကျင့်ဝတ်စည်းကမ်းများ၊ သတ်မှတ်ပြဌာန်းထားသော ဥပဒေများနှင့်အညီ ထုတ်လုပ်ရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်မှလည်း MSME လုပ်ငန်းများအား အလေးထားအားပေးကူညီဆောင်ရွက်ပေးလျက်ရှိရာ ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပဈေး ကွက်များထိတိုင် ထိုးဖောက်နိုင်ရန်လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့စားသုံးသူ ကာကွယ်ရေး ဥပဒေ အရ ကုန်စည်နှင့်ပတ်သက်၍ ကုန်စည်အမျိုးအစားအလိုက်ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ မှန်ကန်စွာဖော်ပြပါရှိစေရေးအတွက် စိစစ်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ လာရောက်၍ စိစစ်မေးမြန်းလျှောက်ထားနိုင်ပါကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စားသုံးသူများထိခိုက်နစ်နာမှုမဖြစ်ပေါ်စေရေး၊ သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်သော ကုန်စည်များသာ ရောင်းချမှုရှိစေရေးအတွက် ဈေးကွက်အတွင်းရှိ ကုန်စည်များကို အစဉ်တစိုက် ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိသလို ဈေးကွက်မရောက်မီ ကုန်စည်များကိုလည်း လုပ်ငန်းခွင်များသို့ကွင်းဆင်း၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း များဆောင်ရွက်နေသည့်အတွက် သတ်မှတ်ချက်များနှင့်ကိုက်ညီမှု၊ လိုက်နာမှုများမရှိလျှင် သတ်မှတ်ထားသော ဥပဒေများအတိုင်း အရေးယူခံရမည်ဖြစ်ပါကြောင်းနှင့်သိရှိလိုသည်များအား မေးမြန်းဆွေးနွေးနိုင်ပါကြောင်း ရှင်းလင်းဟောပြောဆွေးနွေးရာ လုပ်ငန်းရှင်များမှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ မိမိတို့ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြကြောင်းနှင့် ဟောပြောပွဲသို့ လုပ်ငန်းရှင်(၄၆)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
DOCA(မန္တလေး)
