
အီဂျစ်၊ ပါကစ္စတန်၊ ရုရှား နှင့် ဘယ်လာရုစ်တို့ ကဲ့သို့သော နိုင်ငံများထံမှ ဝယ်လိုအားမြင့် တက်လျက်ရှိသော်လည်း ကမ္ဘာ့အကြီးဆုံး စားအုန်းဆီထုတ်လုပ်သူ အင်ဒိုနီးရှားနိုင်ငံသည် စားအုန်းဆီသုံးစွဲမှုကို ၎င်း၏ ပြည်တွင်း ဇီဝလောင်စာထုတ်လုပ်မှုတွင် ဦးစားပေးရန် အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိသည်။
အင်ဒိုနီးရှားသမ္မတ Prabowo Subianto က စားအုန်းဆီသည် အံသြဖွယ်ရာကောင်းသည့် သီးနှံတစ်မျိုးပင်ဖြစ်ပြီး အင်ဒိုနီးရှားပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေကြောင်း၊ အင်ဒိုနီးရှား ၏ ပထမဦးစားပေးအဖြစ် ဇီဝလောင်စာ ထုတ်လုပ်မှု၌ သုံးစွဲမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂ ရက် နေ့၌ အနောက်ဂျာဗားပြည်နယ် Bogor တွင် ကျင်းပသော ဗဟိုနှင့် ဒေသန္တရ အစိုးရအဖွဲ့များ၏ အမျိုးသားအဆင့် ပေါင်းစပ်ညှိနှိုင်းမှု အစည်းအဝေး၌ ပြောကြားခဲ့သည်။
အင်ဒိုနီးရှားအစိုးရ၏ မူဝါဒအသစ်အရ စားအုန်းဆီကြမ်းနှင့် ၎င်း၏ ဘေးထွက်ပစ္စည်းများ ကို ပြည်တွင်းစွမ်းအင်လိုအပ်ချက်အတွက် အဓိကထား၍ သုံးစွဲမည်ဖြစ်သည်။ အသုံးပြုပြီးသော ဟင်းချက်ဆီများ အပါအဝင် စွန့်ပစ်ဆီများကိုလည်း ပြည်ပသို့တင်ပို့မှု လျှော့ချလျက် လေယာဉ်ဆီ ထုတ်လုပ်မှု၌ သုံးစွဲမည်ဖြစ်သည်။
အင်ဒိုနီးရှားအစိုးရသည် စားအုန်းဆီကို ဟင်းချက်ဆီအဖြစ် သုံးစွဲမှုအပြင် အခြားသော ကုန် စည်များ ထုတ်လုပ်ပေးနိုင်စွမ်းရှိသည့် မဟာဗျူဟာမြောက်ကုန်စည်အဖြစ် သတ်မှတ်ထားသည်။ ၂၀၂၆ ခုနှစ်အတွင်း စားအုန်းဆီအခြေခံ စားသောက်ကုန်များ ထုတ်လုပ်မှုနှင့် လေကြောင်းသုံး ဇီဝ လောင်စာဆီထုတ်လုပ်မှု စီမံကိန်းနှစ်ရပ်တွင် ဦးစားပေးလုပ်ငန်း ၁၈ ခုမှ အင်ဒိုနီးရှား ရူပီးယားငွေ ၆၁၈ ထရီလီယံ (ဒေါ်လာ ၃၆.၈၆ ဘီလီယံ) ရှိသော ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ပြီး အလုပ်အကိုင် နေရာပေါင်း ၂၇၆၀၀၀ ကို ဖန်တီးပေးနိုင်ရန် ရည်မှန်းထားသည်။
အင်ဒိုနီးရှားနိုင်ငံ၏ ဇီဝလောင်စာအပေါ် အာရုံစူးစိုက်မှုသည် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင် ဈေးကွက်မတည်ငြိမ်မှုနှင့် ပြည်တွင်း၌ စွမ်းအင်လိုအပ်ချက်ရှိမှုတို့အပေါ် တုံ့ပြန်လုပ်ဆောင်ချက် တစ်စိတ်တစ်ပိုင်းပင်ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဒီဇယ်ဆီနှင့်လေယာဉ်ဆီတို့အတွက် စားအုန်းဆီ မှ ထုတ်လုပ်နိုင်မှုရှိကြောင်း၊ ဓာတ်ဆီသုံးစွဲလိုသူများအတွက်မှု နိုင်ငံတကာ ဈေးနှုန်းများအတိုင်း ပေးဆောင်နိုင်ကြောင်း၊ သာမန် အင်ဒိုနီးရှားပြည်သူများ အနေဖြင့် ပြည်တွင်း၌ ထုတ်လုပ်သည့် လောင်စာဆီကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်မှုမှ အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း သမ္မတ Prabowo က ပြောဆိုခဲ့သည်။
လက်ရှိကာလတွင် အင်ဒိုနီးရှားနိုင်ငံသည် ဇီဝလောင်စာဆီ၌ စားအုန်းဆီ ၄၀ ရာခိုင်နှုန်း ရောစပ် အသုံးပြုသည့် B40 မူဝါဒကို ချမှတ်ကျင့်သုံးလျက်ရှိသည်။ စွမ်းအင်ဝန်ကြီး Bahlil Lahadalia က စမ်းသပ်လုပ်ဆောင်မှုများ အောင်မြင်ပါက အစိုးရအနေဖြင့် ယခုနှစ် ဒုတိယနှစ်ဝက် တွင် စားအုန်းဆီ ၅၀ ရာခိုင်နှုန်း ရောစပ် အသုံးပြုမည့် B50 အစီအစဉ်ကို ဖော်ဆောင်မည်ဟု ပြောဆိုထားသည်။
Source: Jakarta Globe, 03/02/2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
