
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အိန္ဒိယထုတ်ကုန်များအပေါ် ကောက်ခံသည့် အခြေခံအကောက်ခွန် (BCD) ကို ၂၅ ရာခိုင်နှုန်းမှ ၁၈ ရာခိုင်နှုန်းသို့ ၇ ရာခိုင်နှုန်း လျှော့ချပေး လိုက်ကြောင်း ကြေညာခဲ့သည်။ ပြင်ဆင်သတ်မှတ်လိုက်သော အကောက်ခွန်နှုန်းထားအသစ်သည် ချက်ချင်း စတင်သက်ရောက်မှုရှိမည် ဖြစ်သည်။
ရုရှားနိုင်ငံမှ စက်သုံးဆီနှင့် လက်နက်များ ဝယ်ယူမှုကြောင့် အိန္ဒိယအပေါ် အမေရိကန်က စည်းကြပ်ထားသည့် အပိုဆောင်း အကောက်ခွန် ၂၅ ရာခိုင်နှုန်းကို ပြန်လည်ရုပ်သိမ်းရန်ကိစ္စနှင့် ပတ်သက်၍မူ မည်သည့်ဆုံးဖြတ်ချက်ကိုမျှ ချမှတ်ခြင်း မရှိသေးကြောင်း သိရှိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံသည် ရုရှားထံမှ စက်သုံးဆီဝယ်ယူမှုကို ရပ်တန့် ရန် သဘောတူညီခဲ့ပြီး ၎င်းအစား အမေရိကန်နှင့် ဗင်နီဇွဲလားနိုင်ငံတို့ထံမှ ပြောင်းလဲတင်သွင်း သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတက ပြောကြားခဲ့သည်။
သို့သော်လည်း ထရမ့်၏ ပြောကြားချက်အပေါ် အိန္ဒိယဘက်မှ တရားဝင် တုံ့ပြန်မှု တစ်စုံ တစ်ရာ မရှိသေးပေ။ အကယ်၍ စည်းကြပ်ထားသော အပိုဆောင်းအကောက်ခွန် ၂၅ ရာခိုင်နှုန်းကို သာ ဖယ်ရှားပေးလိုက်ပါက အိန္ဒိယထုတ်ကုန်များအပေါ် ၁၈ ရာခိုင်နှုန်းသော အခွန်နှုန်းထားသာ ကျန်ရှိတော့မည်ဖြစ်ကြောင်း၊ လက်ရှိတွင် အိန္ဒိယနှင့်ပါကစ္စတန် ထုတ်ကုန်များသည် အကောက် ခွန် ၁၉ ရာခိုင်နှုန်း ကျသင့်နေသောကြောင့် ပါကစ္စတန်နှင့်နှိုင်းယှဉ်လျှင် အိန္ဒိယဆန်သည် အမေရိကန် ဈေးကွက်တွင် ပိုမိုယှဉ်ပြိုင်နိုင်စွမ်း ရှိလာမည်ဖြစ်သည်။
အိန္ဒိယဆန်တင်ပို့သူများအသင်းက ၁၈ ရာခိုင်နှုန်းသော အကောက်ခွန်နှုန်းထားသည် အမေရိကန် ဆန်ဈေးကွက်တွင် အိန္ဒိယ၏ နေရာရရှိမှုကို အထောက်အကူပြုမည်ဖြစ်ကြောင်း၊ အထူးသဖြင့် အိန္ဒိယ ဘာစမာတီဆန် တင်ပို့မှုကို ပိုမိုအားကောင်းလာစေလိမ့်မည်ဟု ပြောကြား ခဲ့သည်။ လက်ရှိတွင် အကောက်ခွန်နှုန်းထားများနှင့် ပတ်သက်၍ ရှုပ်ထွေးမှုအချို့ ရှိနေသော်လည်း မကြာမီအချိန်အတွင်း အခြေအနေများမှာ ပိုမိုရှင်းလင်းလာလိမ့်မည်ဟု မျှော်လင့်ရပါသည်။
Source: Igrain, 3 Feb 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
