Main menu

ငါန်းဇွန်မြို့နယ်၌ ၂၀၂၅-၂၀၂၆ နှမ်းစိုက်ပျိုးထွက်ရှိမှု

Powered by Drupal

   မန္တလေးတိုင်ဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေးကို လုပ်ကိုင် သော မြို့နယ်တစ်ခုဖြစ်ပြီး ဒေသခံများသည် ရာသီအလိုက် ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ဂျုံနှင့် စားဖိုဆောင် သီးနှံများကို အဓိကထားစိုက်ပျိုးလုပ်ကိုင်ကြပါသည်။ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးနှမ်း လျာထားဧက (၆၄၀၈၀)ဧက၊ စိုက်ပျိုးဧက (၆၇၈၅၂)ဧက အားလုံးရိတ်သိမ်းပြီးဖြစ်ရာ အထွက်နှုန်းမှာ (၅.၀၂)တင်း အထွက်စုစုပေါင်း (၃၄၀၆၁၇)တင်း ထွက်ရှိကြောင်း၊ ဆောင်းနှမ်းလျာထားဧက (၆၁၄၅)ဧက၊ စိုက်ပျိုးဧက(၈၁၆၄)ဧက စိုက်ပျိုးကြောင်း သိရသည်။ စိုက်ပျိုးမှုမှာ ပက်ကျဲနှင့်တန်းစိုက်ဟူ၍ ရှိရာတွင်  နေရာဒေသနှင့်မြေပေါ်မူတည်၍ ဒေသခံ တောင်သူများမှာ ပက်ကျဲစိုက်ပျိုးမှုကိုသာ အများဆုံးစိုက်ပျိုး ကြပြီး မျိုးအသုံးချမှုအနေဖြင့် တစ်ဧကလျှင်(၂) ပြည်ခန့် ထည့်သွင်းစိုက်ပျိုးကြပါသည်။ ရာသီချိန် နှမ်းတစ်တင်းဈေး အနေဖြင့် (၉၅၀၀၀၊၁၀၀၀၀၀)ကျပ် ရှိခဲ့ပါသည်။ မိုးနှမ်းမှာ ဆောင်းနှမ်းနှင့်  နှိုင်းယှဉ်လျှင် အထွက်နှုန်း ထက်ဝက်နီးပါးခန့်လျော့နည်းကြောင်း သိရသည်။ မိုးနှမ်းစိုက်ပျိုးမှုအများ ဆုံးအနေဖြင့် ဘုရားထူး ကျေးရွာ၊ ရွာသစ်၊ စီထိန်း၊ တမာပင်၊ အောက်ရိုး၊ ရွာသာ၊ နတ်စိမ်း၊ ထနောင်းပင်၊ မြို့သာ၊ သရက္ကန်၊ အောင်ချမ်းသာကျေးရွာနှင့်ကုန်းသာကျေးရွာ စသည့်ကျေးရွာများဖြစ်ပါသည်။ ယခုနှစ် နှမ်းမျိုးဈေး အနေဖြင့် တစ်ပြည်လျှင်(၁၀၀၀၀)ကျပ် ဈေးများရှိခဲ့ပြီး နှမ်းတစ်ဧကစိုက်ပျိုးမှု ကုန်ကျ စရိတ်အနေဖြင့် မျိုး၊ မြေယာပြုပြင်မှု၊ သွင်းအားစု၊ လုပ်သားခများအပါအဝင် (၃၅၀၀၀၀) ကျပ်ဝန်းကျင်ခန့် ကုန်ကျမှုရှိပါသည်။ တောင်သူအကျိုးအမြတ်အနေဖြင့် (၂၀၀၀၀၀)ကျပ်ဝန်းကျင် သာ ရှိပြီး နွားစာရှားပါးသည့် ဒေသများဖြစ်သည့်အတွက် အကျိုးအမြတ်နည်းပါးသော်လည်း တစ်ဖက် မှလည်းနွားစာ ရရှိသဖြင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိပါသည်။ တစ်ချို့ကျေးရွာများသည် နွားစာအတွက် ကျောက်ဆည်၊ မြစ်သားဒေသဘက်မှ နှမ်းပေါ်ချိန်ထွက်ပေါ်သော နှမ်းရိုးများကို သယ်ယူစရိတ် အကုန်အကျခံ၍ သယ်ယူကျွေးမွေးရပါသည်။ ဒေသထွက်နှမ်းများကို ရောင်းဝယ်မှု ဈေးကွက်အနေဖြင့် မန္တလေးမြို့နှင့် ကျောက်ဆည်မြို့များသို့ တောင်သူများကိုယ်တိုင် ဈေးဝယ်လိုက်ရင်းဖြင့်သော်လည်း ကောင်း၊ ကားတင်ပေး၍သော်လည်းကောင်း အများဆုံးရောင်းချ ကြပါသည်။ တောင်သူများအတွက် သီးနှံစိုက်ပျိုးရာတွင် ရာသီဥတုကောင်းမွန်ရန် လိုအပ်သလို ရေခံမြေခံနှင့်မျိုးစေ့များလည်း ကောင်းမွန် ၍  ဈေးကွက်ခိုင်မာမှုရှိမှသာ သင့်တင့်လျှောက်ပတ်သော အကျိုးအမြတ်များ ရရှိနိုင်မည်ဖြစ်ပါသည်။

DOCA(မန္တလေး)