
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ချောင်ကလးကျေးရွာတွင် ဆောင်းသီးနှံနှင့် ပဲမျိုးစုံသီးနှံများကို အဓိက စိုက်ပျိုးကြပြီး ဟင်းသီးဟင်းရွက်သီးနှံများလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး လျက်ရှိရာ ရွှေဖရုံသီး စိုက်ဧက ၅ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။
ရွှေဖရုံသီးကို ဩဂုတ် လတွင် စတင်စိုက်ပျိုး၍ နိုဝင်ဘာလတွင် အသီးရင့်မှည့်ကာ ခူးဆွတ်နိုင်ကြောင်း၊ မျိုးအနေဖြင့် အလုံးပြား ရွှေဖရုံသီးမျိုးကို စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့ ၁၀၀ ဂရမ်ပါ အထုပ် ၁၅ ထုပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် ချောင်း၊ မြစ်ရေတင်စနစ်ဖြင့် စိုက်ပျိုး ပြီး တစ်ပေခွဲအကွာ ကျင်းများတူး၍ အစေ့ချစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁၅ သိန်းခန့် ကုန်ကျကြောင်း၊ အထွက် နှုန်းအနေဖြင့် တစ်ဧကလျှင် အလုံးရေ ၁၅၀၀ ခန့် ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် ဒီဇင်ဘာလ ပထမပတ်တွင် ရွှေဖရုံသီးတစ်လုံးလျှင် လက်ကားဈေး ငွေကျပ် ၂၀၀၀ ဖြင့် ရောင်းချရပြီး အကျိုး အမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၁၂ သိန်းခန့်ရရှိကြောင်း၊ ဈေးကွက် အနေဖြင့် လက်လီ လက်ကားကုန်စိမ်းသည်များမှ စိုက်ခင်းအထိ လာရောက်ဝယ်ယူကြပြီး ရန်ကုန် မြို့ သို့ ပြန်လည် ရောင်းချကြကြောင်း၊ ရွှေဖရုံသီးပင် စိုက်ပျိုးခြင်းသည် အသီးများသာမက အညွန့် (အရွက်)များပါ ရောင်းချရသောကြောင့် အပိုဝင်ငွေများရရှိပြီး ယခုနှစ်တွင် စျေးနှုန်းကောင်းမွန်သော ကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ်များပိုမိုရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
DOCA(ဧရာဝတီ)
