
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်း ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူ မြို့နယ် များရှိကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကအားထားပြီး ရာသီအလိုက် သီးနှံ မျိုးစုံစိုက်ပျိုးလျက်ရှိပါသည်။ ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များတွင် ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ နှမ်းသီးနှံများကို နှစ်စဉ် မိုးသီးနှံနှင့် ဆောင်းသီးနှံဟူ၍ ရာသီအလိုက်စိုက်ပျိုးကြပါသည်။ ယခုနှစ်တွင် ဆောင်းသီးနှံဖြစ်သော စမုံနှမ်းနက်များ စိုက်ပျိုးထွက်ရှိပြီး ဈေးကွက်အတွင်း၌ နေ့စဉ်အရောင်းအဝယ်ဖြစ်၍ ဈေးကောင်းရလျက်ရှိကြောင်း သိရှိရပါသည်။ ပခုက္ကူခရိုင်အတွင်း နှမ်းစိုက်ဧကများအနေ ဖြင့် ပခုက္ကူမြို့တွင် (၄၆၅၆၇)ဧက၊ ရေစကြိုမြို့တွင် (၉၁၁၁)ဧက၊ မြိုင်မြို့တွင် (၅၂၆၇၃)ဧက၊ ပေါက်မြို့တွင် (၈၅၆၄)ဧကနှင့် ဆိပ်ဖြူမြို့နယ်တွင် (၆၂၉၀)ဧက၊ စုစုပေါင်း (၁၂၃၂၀၅)ဧက ပခုက္ကူ ခရိုင်အတွင်း စိုက်ပျိုးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရှိရပါသည်။
တစ်ဧက ကုန်ကျစရိတ်
ပခုက္ကူခရိုင်အတွင်း မြို့နယ်အလိုက် ဆီးထွက်သီးနှံဖြစ်သည့် စမုံနှမ်းနက် (၁)ဧက ကုန်ကျ စရိတ်များကို-၂၀၂၃ ခုနှစ်၊ ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်များ၏ ကုန်ကျစရိတ်များကို နှိုင်းယှဉ်ကြည့်ရာ တွင် ၂၀၂၃ ခုနှစ်တွင် မျိုး၊ သွင်းအားစု၊ ရိတ်သိမ်းစရိတ် စုစုပေါင်း (၇)သိန်းခန့်၊ ၂၀၂၄ ခုနှစ်တွင် မျိုး၊ သွင်းအားစု၊ ရိတ်သိမ်းစရိတ် စုစုပေါင်း (၉)သိန်းခန့်၊ ၂၀၂၅ ခုနှစ်တွင် မျိုး၊ သွင်းအားစု၊ ရိတ်သိမ်း စရိတ် စုစုပေါင်း (၁၂)သိန်းခန့် ကုန်ကျပြီး၊ မြို့နယ်များအနေဖြင့် တစ်မြို့နှင့်တစ်မြို့ သွင်းအားစုနှင့် ရိတ်သိမ်းစရိတ်များမှာ အနည်းငယ်ကွာခြားလျက်ရှိသည့်အတွက် ယခုကုန်ကျစရိတ်များမှာ ပျမ်းမျှ ကုန်ကျစရိတ်များဖြစ်ကြောင်း သိရှိရပါသည်။
တစ်ဧက ထွက်ရှိမှု
ပခုက္ကူခရိုင်အတွင်း မြို့နယ်အလိုက် ဆီးထွက်သီးနှံဖြစ်သည့် စမုံနှမ်းနက် တစ်ဧကထွက်ရှိမှု များကို ၂၀၂၃ ခုနှစ်၊ ၂၀၂၄ ခုနှစ် နှင့် ၂၀၂၅ ခုနှစ်များ၏ ထွက်ရှိမှုများကို နှိုင်းယှဉ်ကြည့်ရာတွင် -
မြို့နယ် ၂၀၂၃ ခုနှစ် ၂၀၂၄ ခုနှစ် ၂၀၂၅ ခုနှစ်
ပခုက္ကူ ၁၁ တင်း ၁၂ တင်း ၈ တင်း
ရေစကြို ၁၂ တင်း ၁၃ တင်း ၈ တင်း
မြိုင် ၁၃ တင်း ၁၆ တင်း ၁၀ တင်း
ပေါက် ၁၃ တင်း ၁၅ တင်း ၁၀ တင်း
ဆိပ်ဖြူ ၁၁ တင်း ၁၂ တင်း ၈ တင်း
ပခုက္ကူခရိုင်အတွင်း မြို့နယ်အလိုက် ဆီထွက်သီးနှံဖြစ်သည့် စမုံနှမ်းနက် (၁) ဧက ထွက်ရှိမှု များကို နှိုင်းယှဉ်ကြည့်ရာတွင် မြို့နယ်အလိုက် ရာသီဥတု၊ ရေ၊ မြေ၊ သဘာဝနှင့် မိုးရေချိန် ကွာခြား ချက်ကြောင့် (၁)ဧက အထွက်တင်းများ မတူညီခြင်း၊ ထွက်ရှိမှုကို နှစ်အလိုက် နှိုင်းယှဉ်ကြည့်မည်ဆို လျှင် ၂၀၂၃ ခုနှစ်၊ ၂၀၂၄ ခုနှစ်များတွင် ရာသီဥတု ကောင်းမွန်ပြီး နှမ်းသီးနှံအကြိုက် မိုးများရွာသွန်းခဲ့ သည့်အတွက် အထွက်နှုန်းကောင်းသည်ကို တွေ့ရှိရပါသည်။ ယခုနှစ် ၂၀၂၅ ခုနှစ်တွင် နှမ်းသီးနှံ စိုက်ပျိုးချိန်ဖြစ်သည့် ဩဂုတ်လနှင့် စက်တင်ဘာလများတွင် မိုးများရွာသွန်းခဲ့သဖြင့် မြို့နယ်အလိုက် စိုက်ပျိုးဖြစ်ထွန်းခဲ့ပြီး နှမ်းသီးနှံများ အပင်ပေါက်၊ အဖူး၊ အပွင့် အားကောင်းသော်လည်း သီးနှံရင့် မှည့်ချိန်တွင် မိုးများ ရွာသွန်းခဲ့ခြင်းမရှိသောကြောင့် ဒေသတောင်သူများအခေါ် နောက်မိုးမကောင်း သည့် အတွက် အထွက်နှုန်းမှာ ယခင်နှစ်များထက် လျှော့နည်းခဲ့ပါသည်။
ဈေးနှုန်းဈေးကွက်
ပခုက္ကူခရိုင်အတွင်း မြို့နယ်အလိုက် စိုက်ပျိုးထွက်ရှိသောဆီထွက်သီးနှံဖြစ်သည့် စမုံနှမ်းနက် များကို ဈေးနှုန်း၊ ဈေးကွက်နှင့် ရောင်းဝယ်မှု အချက်အချာကျသည့် ပခုက္ကူမြို့ကုန်စည်ဒိုင်တွင် အ ရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူမြို့ကုန်စည်ဒိုင်တွင် ဒီဇင်ဘာလအတွင်း အရောင်းအဝယ် ဖြစ်ခဲ့သည့် ဈေးနှုန်းများမှာ ၂၀၂၃ ခုနှစ်၊ ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်များ၏ ဈေးနှုန်းဈေးကွက်များကို နှိုင်းယှဉ်ကြည့်ရာတွင် -
အမျိုးအစား ၂၀၂၃ ခုနှစ်ဈေးနှုန်း ၂၀၂၄ ခုနှစ်ဈေးနှုန်း ၂၀၂၅ ခုနှစ်ဈေးနှုန်း
အနိမ့်/အမြင့် အနိမ့်/အမြင့် အနိမ့်/အမြင့်
ရှယ် ၁၁၀၀၀၀/၁၂၂၀၀၀ ၂၀၀၀၀၀/၂၃၀၀၀၀ ၂၃၆၀၀၀/၂၄၂၀၀၀
ပုံမှန် ၉၀၀၀၀/၁၁၈၀၀၀ ၂၀၀၀၀၀/၂၂၈၀၀၀ ၂၀၀၀၀၀/၂၃၅၀၀၀
ဈေးကွက်အနေဖြင့် စမုံနှမ်းနက်များကို ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ပြီး ပြည်ပသို့လည်း တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)
