
ယခုနှစ် ဝဥရာသီတွင် မွန်ပြည်နယ်၌ ဝဥများဈေးကောင်းရလျက်ရှိကြောင်း သိရှိရသည်။ မွန်ပြည်နယ်၌ ဝဥစက်ရုံများမှာ စက်တင်ဘာလဆန်းကတည်းက စတင်လည်ပတ်လျက်ရှိရာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းတို့မှ ဝဥများမှာ ဝဥစက်ရုံများသို့ ဝင်ရောက် လျက်ရှိသည်။ ယခုနှစ် ဝဥအစိုဈေးနှုန်းမှာ စက်ရုံအရောက် တစ်ပိဿာလျှင် (၄၀၀၀) ကျပ်ဖြစ်ပြီး ယခင်နှစ်က ဝဥအစိုဈေးနှုန်းမှာ စက်ရုံအရောက် တစ်ပိဿာလျှင် (၃၀၀၀) ကျပ်ဖြစ်ရာ ယခုနှစ်တွင် ဈေးနှုန်းအနည်းငယ်ပိုမိုရရှိကြောင်း သိရှိရပါသည်။
အဆိုပါဝဥအစိုများကို ဝဥစက်ရုံများတွင် အဆင့်ဆင့်သန့်စင်၊ အခွံချွတ်၊ အခြောက်ခံကာ ရရှိလာသော ဝဥအခြောက်များကို အချို့စက်ရုံများမှာ ရန်ကုန်၊ မန္တလေး မြို့များသို့လည်းကောင်း၊ အချို့စက်ရုံများမှာ ပြည်ပသို့တိုက်ရိုက်လည်းကောင်း တင်ပို့ ကြကြောင်း သိရှိရသည်။ ပြည်တွင်း၌ ရောင်းချသည့် ဝဥအခြောက်ဈေးနှုန်းများမှာ တစ်ပိဿာလျှင် (၃၂၅၀၀) ကျပ်ရရှိပြီး ပြည်ပသို့ တင်ပို့သော ဝဥခြောက်များမှာ တစ်တန်လျှင် FOB ဈေး ဒေါ်လာ (၁၂၀၀) ရရှိပြီး ယခင်နှစ်က ဝဥခြောက်တစ်တန်လျှင် ဒေါ်လာ (၉၀၀) ရရှိရာ ယခုနှစ်တွင် ဈေးနှုန်းပိုမိုရရှိကြောင်း မော်လမြိုင်မြို့၊ ကျောက်တန်းစက်ရုံစုရှိ ရွှေဝါမြေ ဝဥစက်ရုံမှ သိရှိရပါသည်။
DOCA (မွန်)
