Main menu

“ ပဲမြစ်များဖြိုင်ဖြိုင်ထွက်ရှိမှုနှင့်ဈေးနှုန်းဈေးကွက်”

Powered by Drupal

     ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူများသည် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ဝယ်လိုအားရှိသော ပဲမြစ်သီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ စိုက်ပျိုးထွက်ရှိလာသော ပဲမြစ်များသည် အရသာစိမ့်ပြီး စေးပိုင်နေသောကြောင့် ဆောင်းရာသီပဲမြစ်ပေါ်ချိန်တွင် ကျောက်ဆည်ခရိုင်အတွင်းရှိ ဒေသထွက် ပဲမြစ်များမှာ လူသိထင်ရှားပြီး စားသုံးသူအဝယ်များပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ထွက်ရှိလာသော ပဲမြစ်များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အနယ်နယ်အရပ်ရပ်ရှိ မြို့ကြီးများသို့ ရောင်းချလျက်ရှိကြောင်း၊ ပဲမြစ် စိုက်ပျိုးရာတွင် တောင်သူအများစုမှာ နှစ်စဉ် ဇွန်၊ ဇူလိုင်လများတွင် စိုက်ပျိုး၍ နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် တူးဖော်ရောင်းချလျှက်ရှိပါသည်။ စိုက်ပျိုးရာတွင် ဘောင်များပြုလုပ်၍ အစေ့ချ စိုက်ပျိုးပြီး မျိုးအနေဖြင့် (၁)ဧကလျှင် နှစ်တင်းခွဲ နှုန်းကုန်ကျကြောင်း၊ ပဲမြစ်မျိုးကို မလှိုင်မျိုးနှင့် ဝက်ဝံမျိုးများကို အများဆုံးစိုက်ပျိုးပြီး တစ်တင်းလျှင် (၂၅၀၀၀၀-၃၀၀၀၀၀)ကျပ်ရှိကြောင်း၊ တစ်ဧက ကု်နကျစရိတ်အနေဖြင့် (၁၅၀၀၀၀၀/-) ကျပ် ဝန်းကျင်ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကပျမ်းမျှပိဿာ (၇၀၀-၈၀၀)ပိဿာခန့် ထွက်ရှိကြောင်း သိရှိရပါသည်။ ပဲမြစ် ဈေးနှုန်း အနေဖြင့် စတင်ပေါ်ချိန်တွင် တစ်ပိဿာလျှင် (၆၀၀၀-၇၀၀၀) ကျပ်ဖြစ်ပြီး၊ ယခုလက်ရှိ ဖြိုင်ဖြိုင် ထွက်ပေါ်ချိန်တွင် ပဲမြစ် (၁)ပိဿာဈေးနှုန်းအနေဖြင့် (၄၀၀၀-၅၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိ ကြောင်း ပဲမြစ်သီးနှံကိုပွဲစားများမှ အခင်းထဲအရောက်လာရောက်ဝယ်ယူမှုများရှိသလို တောင်သူများမှ လည်း ဈေးကောင်းရရှိစေရန် ဈေးများသို့ ကိုယ်တိုင်သွားရောက် ရောင်းချသူများလည်း ရှိကြောင်း ရာသီ ပေါ်သီးနှံဖြစ်သည့်အတွက် အရောင်းအဝယ်အဆင်ပြေလျက်ရှိကြောင်း၊ တစ်ဧက အကျိုးအမြတ် အနေဖြင့် ဖြိုင်ဖြိုင်ထွက်ပေါ်ချိန်တွင် (၁၇၀၀၀၀၀/-) ကျပ်ခန့် အမြတ်ရရှိကြောင်း ပဲမြစ်စိုက်တောင်သူ တစ်ဦး ထံမှ သိရှိရပါသည်။

DOCA(မန္တလေး)