
တရုတ်နိုင်ငံမှ မြန်မာ့ပဲတီစိမ်း ပြန်လည်၀ယ်ယူမည်ဆိုသည့် သတင်းကြောင့် ပြည်တွင်း ဈေးကွက်တွင် ပဲတီစိမ်း အမျိုးအစားအချို့ ဈေးမြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် လများက ပိုးသတ်ဆေးဓာတ်ကြွင်းများနေခြင်းကြောင့် ပဲတီစိမ်း တန်ချိန်၁၀,၀၀၀ ကျော်ကို ပြန်လည်ပို့ဆောင်သည့်ဖြစ်စဉ်အပြီး တရုတ်နိုင်ငံမှမြန်မာ့ ပဲတီစိမ်း အ၀ယ်ရပ်လိုက်ပြီး နှစ်နိုင်ငံအစိုးရတာ၀န်ရှိသူများ ညှိနှိုင်းပြီးနောက် တရုတ်နိုင်ငံမှ ပြန်လည် ၀ယ်ယူပေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ထိုသို့တရုတ်နိုင်ငံမှ ပဲတီစိမ်း ပြန်လည်၀ယ်ယူမည့် သတင်းကြောင့် ပြည်တွင်း ဈေးကွက် တွင် ပဲတီစိမ်း (အညာ)က တစ်ပိဿာလျှင်ကျပ်၅,၁၆၅ / ၅,၁၈၅ ကျပ် မှ ၅,၅၀၀/ ၅၅၂၀သို့ ဈေးမြင့်တက်လာပြီး ပြည်ပရောင်းချသည့် FOB ဈေးကလည်း ပဲတီစိမ်း FAQ(အညာ) တစ်တန် လျှင် အမေရိကန်ဒေါ်လာ ၈၇၀/၈၈၀ မှ ၉၁၀/၉၂၀သို့ ဈေးမြင့်တက်ကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံတွင်စိုက်ပျိုးထုတ်လုပ်သည့် ပဲတီစိမ်းကို တရုတ်ဈေးကွက်အပြင် အိန္ဒိယ၊ ဥရောပသမဂ္ဂ (အီးယူ)အဖွဲ့၀င်နိုင်ငံများကိုလည်း တင်ပို့ရောင်းချသည်။ယခုနှစ်တွင် အိန္ဒိယနိုင်ငံ က မြန်မာ့ပဲတီစိမ်းကို မတ်ပဲ၊ ပဲစင်းငုံကဲ့သို့ အခွန်မဲ့၀ယ်ယူတင်သွင်းမည့် အစီစဉ်အား ပယ်ဖျက် ကြောင်းကို အိန္ဒိယ မီဒီယာအချို့က ဖော်ပြကြသည်။ မြန်မာ့ပဲတီစိမ်းသည် အီးယူနှင့် တရုတ်ဈေး ကိုသာအဓိက ဦးတည်ရောင်းချရမည့် အခြေအနေမျိုးဖြစ်သည်။ အီးယူနိုင်ငံများမှ ၀ယ်လိုအားက နည်းခြင်းကြောင့် တရုတ် ဈေးကွက်က အရေးပါလာသည်။ တစ်နှစ်လျှင် တန်ချိန် ၁ သန်းကျော် စိုက်ပျိုးထုတ်လုပ်သည့် မြန်မာ့ပဲတီစိမ်းကို တရုတ်ဈေးကွက်က ၆၀ ရာခိုင်နှုန်း ကျော် ဈေးကွက် ဝေစု ရယူထားသည်။ ထို့ကြောင့်တရုတ်ဈေးကွက်သည် မြန်မာနိုင်ငံမှ ပဲတီစိမ်း စိုက်ပျိုးသည့် တောင်သူလယ်သမားများ အတွက် အဓိကအခန်း ကဏ္ဍမှပါ၀င်နေသည်။
ထိုကြောင့် ဆောင်းပဲတီစိမ်း စိုက်ပျိုးမည့်တောင်သူများအနေဖြင့် မိမိစိုက်ပျိုးသော သီးနှံကို GAPစနစ်ဖြင့် စိုက်ပျိုးပြီး ပိုးသတ်ဆေးများအပါအဝင် ဓာတုဆေးများသုံးစွဲမှုကိုလည်း စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရန် တင်ပို့ရောင်းချသူများက အကြံပြုထားသည်။
DOCA(ဧရာဝတီ)
