Main menu

၂၀၂၆ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ဆန်တင်ပို့မှု ၁၂.၅ ရာခိုင်နှုန်းအထိ ကျဆင်းဖွယ်ရှိ

Powered by Drupal

     အိန္ဒိယ၏ ပေါများလှသော ဆန်ထုတ်လုပ်မှုနှင့် ယှဉ်ပြိုင်ရာတွင် ထိုင်းဘတ်ငွေ၏ တန်ဖိုး မြင့်တက်မှုကြောင့် ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုမှာ ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၈ သန်းခန့်ရှိရာမှ ၂၀၂၆ ခုနှစ်တွင် တန်ချိန် ၇ သန်းသို့ ကျဆင်းသွားနိုင်ကြောင်း ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ၂၆-၁၂-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

          ထိုင်းဘတ်ငွေသည် အဆိုပါ ဦးတည်ချက်အတိုင်း ဆက်လက်ရှိနေပါက ထိုင်း၏ စိုက်ပျိုးရေး ထွက်ကုန်များအတွက် အဓိက စိန်ခေါ်မှုတစ်ရပ် ဖြစ်လာမည်ဟု နိုင်ငံခြားကုန်သွယ်ရေးဌာန ညွှန် ကြားရေးမှူးချုပ် Arada Fuangtong က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။ ဘတ် ငွေသည် ယှဉ်ပြိုင်နိုင်မှုရှိပြီး တည်ငြိမ်မှုရှိသင့်သည်ဟု ၎င်းကပြောဆိုပြီး ထိုင်းငွေကြေးသည် လက်ရှိ တွင် ပြိုင်ဘက်များ၏ ငွေကြေးများထက် ၁၀ ရာခိုင်နှုန်း မှ ၂၀ ရာခိုင်နှုန်းအထိ အားကောင်းနေ ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။

          ထိုင်းဘတ်ငွေသည် အမေရိကန်ဒေါ်လာနှင့်နှိုင်းယှဉ်ပါက ၄ နှစ်အတွင်း အမြင့်ဆုံးတန်ဖိုးသို့ ရောက်ရှိနေပြီး ယခုနှစ်အတွင်း ၉.၄ ရာခိုင်နှုန်း တန်ဖိုးတက်လာခဲ့သဖြင့် အာရှတွင် ဒုတိယ အား အကောင်းဆုံး ငွေကြေးအဖြစ် ရပ်တည်နေကြောင်း သိရှိရသည်။

          ဘတ်ငွေ၏ တန်ဖိုးခိုင်မာမှုသည် အမေရိကန်၏ အကောက်ခွန်ဒဏ်၊ အိမ်ထောင်စုကြွေးမြီ များ မြင့်မားမှု၊ ကမ္ဘောဒီးယားနှင့် နယ်စပ်ပဋိပက္ခ၊ ဖေဖော်ဝါရီလအတွင်း ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး မတည်ငြိမ်မှုများ အပါအဝင် ယခုနှစ်အတွင်း ဖြစ်ပေါ်နေသော အတားအဆီးများ နှင့် ရုန်းကန်နေရသည့် အရှေ့တောင်အာရှ၏ စီးပွားရေးအင်အား တတိယအကြီးဆုံးဖြစ်သော ထိုင်း နိုင်ငံ၌ ပြဿနာများကို ပိုမိုဆိုး ရွားစေခဲ့သည်။

          လာမည့် အစိုးရအဖွဲ့သည် ဆန်ဈေးကျဆင်းမှုများကို တောင်သူလယ်သမားများအတွက် ဖြေရှင်းပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ယင်းတောင်သူလယ်သမားများသည် ယခုနှစ်အစောပိုင်း တွင် အဆိုပါပြဿနာကို ဖြေရှင်းရန် ပိုမိုကောင်းမွန်သော ပံ့ပိုးမှုများ တောင်းဆိုခဲ့ကြကြောင်း သိရှိရ သည်။

          Ms Arada က တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၅ သိန်း ရောင်းချရန် သဘောတူညီချက်သည် နှစ်နိုင်ငံကြား ခိုင်မာသော ဆက်ဆံရေးကြောင့် ဆက်လက်အကောင်အထည်ဖော်နိုင်မည်ဟု မျှော် မှန်းကြောင်း၊ ၅ နှစ်ကာလအတွင်း ထိုင်းနိုင်ငံသည် စင်ကာပူနိုင်ငံသို့ ဆန်တန်ချိန် ၁ သိန်းအထိ ရောင်းချရန် ယခင်လက သဘောတူညီခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

          ထို့အပြင် ထိုင်းနိုင်ငံသည် အီရတ်၊ ဆော်ဒီအာရေဗျ၊ အရှေ့အလယ်ပိုင်းဒေသနှင့် အာဖရိကရှိ အခြားနိုင်ငံများတွင် ဆန်ဖြူနှင့် ပေါင်းဆန်များအတွက် ဈေးကွက်များကို ဆက်လက်ချဲ့ထွင်လျက် ရှိသည်။ ထိုင်းနိုင်ငံသည် ထူးခြားသောအရသာ၊ ကိုယ်ပိုင်လက္ခဏာနှင့် တန်ဖိုးရှိသည့် ယဉ်ကျေးမှု ထွက်ကုန်အဖြစ် ထိုင်းဆန်ကို မြှင့်တင်သည့် Khaopraneat စီမံကိန်းမှတစ်ဆင့် ဂျာမနီ၊ ဆွစ်ဇာလန် နှင့် အမေရိကန်ပြည်ထောင်စုရှိ ဆန်အမျိုးအစားများအတွက် အခွင့်အလမ်းများကိုလည်း ရှာဖွေရန် စီစဉ်ထားကြောင်း သိရှိရသည်။

          ၂၀၂၅ ခုနှစ်တွင် ဆန်တင်ပို့မှုသည် တန်ချိန် ၇.၈၈ သန်းမှ ၈ သန်းအထိ ရောက်ရှိမည်ဟု ခန့်မှန်းရပြီး နှစ်ကုန်၌ ဆန်ဝယ်လိုအား မြင့်တက်မှုကြောင့် တန်ချိန်၇.၅ သန်း ရည်မှန်းချက်ထက် ကျော်လွန်သွားမည်ဖြစ်ကြောင်း Ms Arada က ပြောကြားခဲ့သည်။ သို့သော်လည်း ၎င်းပမာဏသည် အိန္ဒိယနိုင်ငံ၏ နောက်၌ ကမ္ဘာ့ဒုတိယအကြီးဆုံး ဆန်တင်ပို့နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သည့် ၂၀၂၄ ခုနှစ်က တန်ချိန် ၁၀ သန်းနီးပါး စံချိန်တင် တင်ပို့ခဲ့မှုအောက်သို့ လျော့နည်းနေဦးမည်ဖြစ်သည်။

          ၂၀၂၅ ခုနှစ် ပထမ ၁၁ လအတွင်း ဆန်တင်ပို့မှု ပမာဏသည် ယခင်နှစ်ကထက် ၂၁ ရာခိုင်နှုန်း ကျဆင်းလျက် ဆန်တန်ချိန် ၇.၃ သန်းသို့ ရောက်ရှိခဲ့ပြီး တန်ဖိုးအားဖြင့် ၃၀.၃ ရာခိုင်နှုန်း ကျ ဆင်းခဲ့ကြောင်း၊ အဆိုပါကျဆင်းမှုသည် ဆန်ထွက်ရှိမှု ပေါကြွယ်ဝခြင်း၊ အိန္ဒိယမှ ဆန်လက်ကျန် များစွာကို ဈေးကွက်သို့ ပေးပို့ခြင်းနှင့် ဖိလစ်ပိုင်နိုင်ငံက ဆန်တင်သွင်းမှု ယာယီရပ်နားခြင်းတို့ ကြောင့် ဖြစ်ကြောင်း၊ ထို့အပြင် ဆန်တင်ပို့မှုတန်ဖိုး ကျဆင်းရခြင်းမှာ ပို့ကုန်တန်ဖိုးများနှင့် ဘတ် ငွေတန်ဖိုး မြင့်တက်ခြင်းတို့ကြောင့်ဖြစ်ကြောင်း Ms Arada က ဖြည့်စွက်ပြောကြားခဲ့သည်။

Source: Bangkok Post, 26 Dec 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)