Main menu

၂၀၂၆ ခုနှစ်၌ ဆန်တင်သွင်းရဖွယ်မရှိဟု အင်ဒိုနီးရှား ပြောကြား

Powered by Drupal

       အင်ဒိုနီးရှားနိုင်ငံသည် ပြည်တွင်း၌ ဆန်ထုတ်လုပ်မှု ဖူလုံနေခြင်းကြောင့် လာမည့်နှစ်တွင် စားသုံးရန်အတွက်ဖြစ်စေ၊ စက်မှုလုပ်ငန်းသုံးအတွက်ဖြစ်စေ ဆန်တင်သွင်းတော့မည် မဟုတ် ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

          မကြာသေးမီက ဂျကာတာမြို့တွင် ပြုလုပ်ခဲ့သော ဝန်ကြီးဌာနအဆင့် ညှိနှိုင်းအစည်းအဝေး အပြီး၌ ယင်းဆုံးဖြတ်ချက်ကို ကြေညာခဲ့ခြင်းဖြစ်သည်။ အဆိုပါအစည်းအဝေးသို့ စားနပ်ရိက္ခာ ဖူလုံ ရေးဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ဗဟိုစာရင်းအင်းဌာနတို့မှ အဆင့်မြင့်ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

          အိမ်ထောင်စုများ၏ စားသုံးမှုအတွက်သာမက စက်မှုကုန်ထုတ်လုပ်ငန်းများအတွက်ပါ လိုအပ်သော ပြည်တွင်းဆန်ဝယ်လိုအား အားလုံးကို ပြည်တွင်းထုတ်လုပ်မှုဖြင့်သာ အပြည့်အဝ ဖြည့်ဆည်းပေး သွားမည်ဖြစ်ကြောင်း စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးဝန်ကြီးဌာနမှ ကုန်သွယ်ရေးနှင့် ဖြန့်ဖြူးမှုညှိနှိုင်းရေးဆိုင်ရာ ဒုတိယအရာရှိချုပ် Tatang Yuliono  က ပြောကြားခဲ့ သည်။

          ပြည်တွင်း၌ ဆန်ရိက္ခာ အလုံအလောက်ရှိမည်ဟု ယုံကြည်သည့်အတွက် ၂၀၂၆ ခုနှစ်တွင် စက်မှုလုပ်ငန်းသုံး ဆန်တန်ချိန် ၃၈၁,၀၀၀ နီးပါး တင်သွင်းရန်ဆိုသည့် စက်မှုဝန်ကြီးဌာန၏ တင်ပြ ချက်ကိုလည်း အစိုးရအဖွဲ့က ပယ်ချခဲ့သည်။ ဆန်တင်သွင်းခြင်းမပြုရဟူသော ဤမူဝါဒကို Aceh ပြည်နယ်ရှိ ဆာဘန် (Sabang) ကဲ့သို့ လွတ်လပ်သောကုန်သွယ်မှုဇုန်များ အပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရသည်။

          ထို့အပြင် ရှေ့ဆက်ပြုလုပ်မည့် ကုန်စည်လက်ကျန်အခြေအနေ ညှိနှိုင်းအစည်းအဝေးများ (Commodity Balance Meetings) မှ တစ်ဆင့် စားနပ်ရိက္ခာတင်သွင်းမှု မူဝါဒများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက ဆက်လက်သုံးသပ်သွားမည်ဖြစ်ကြောင်း Tatang က ဖြည့်စွက် ပြောကြားခဲ့ သည်။ အင်ဒိုနီးရှားနိုင်ငံ၏ ယုံကြည်မှုမှာ ၂၀၂၅ ခုနှစ်အတွင်း စိုက်ပျိုးရေးကဏ္ဍ၏ ထူးချွန်သော စွမ်းဆောင်ရည်များအပေါ် အခြေခံ၍ ပြောကြားခြင်းဖြစ်သည်။

          ထိုနှစ်အတွင်း ဆန်နှင့် ပြောင်း တင်သွင်းမှုများကို ရပ်နားနိုင်ခဲ့ခြင်းမှာ နိုင်ငံတော်၏ စားနပ် ရိက္ခာဖူလုံရေးအတွက် အဓိကကျသော အောင်မြင်မှုတစ်ခု ဖြစ်ခဲ့သည်။ ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်း တွင် အစိုးရ၏ ဆန်အရန်ရိက္ခာ သိုလှောင်မှုသည် တန်ချိန် ၄ သန်းခန့်အထိ စံချိန်တင် မြင့်တက်လာ ခဲ့ပြီး ယင်းသည် ဈေးကွက်တည်ငြိမ်စေရန်နှင့် သဘာဝဘေးအန္တရာယ်သင့် ဒေသများကို ကူညီ ထောက်ပံ့ပေးရန်အတွက် များစွာအထောက်အကူ ဖြစ်စေခဲ့သည်။

          ၂၀၂၅ ခုနှစ်တွင် ဆန်ထုတ်လုပ်မှုသည် တန်ချိန် ၃၄.၇၇ သန်းအထိ ရှိလာမည်ဟု ခန့်မှန်း ထားပြီး ယင်းမှာ သာယာဝပြောသော ရာသီဥတုနှင့် သမ္မတ Prabowo Subianto အစိုးရ၏ တောင်သူလယ်သမား ကူညီထောက်ပံ့ရေး မူဝါဒများကြောင့် ယခင်နှစ်ထက် ၁၃.၅၄ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်။ ထို့အပြင် ပြောင်းထုတ်လုပ်မှုသည်လည်း ယခုနှစ်ကုန်တွင် တန်ချိန် ၄ သန်းခန့်အထိ ရှိလာမည်ဟု မျှော်လင့်ရကြောင်းနှင့် ပြည်တွင်းစားသုံးမှုနှင့် မွေးမြူရေးကဏ္ဍ (ကြက်၊ ဘဲ မွေးမြူရေး) အတွက် လုံလောက်သော အထောက်အပံ့ကို ပေးနိုင်မည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။ 

Source: Vietnam Plus, 20/12/2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)