
ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်း ဝန်ကြီးဌာနသည် ဖိလစ်ပိုင်သို့ ဆန် တင်ပို့မှုကို တိုးမြှင့်ရန် ကြိုးပမ်းလျက်ရှိရာ ကမ္ဘောဒီးယားအတွက် နိုင်ငံတကာ စျေးကွက်အသစ် တစ်ခုကို ထူထောင်မှုနှင့်အတူ ဖိလစ်ပိုင်နိုင်ငံအတွက် အရည်အသွေးမြင့်ဆန်များ ရရှိနိုင်သည့် အရင်းအမြစ်တစ်ခုအဖြစ် ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း Phnom Penh Post သတင်းဌာနက ဖော်ပြပါသည်။
ဖိလစ်ပိုင်နိုင်ငံ အခြေစိုက် Food Terminal Incorporated ကုမ္ပဏီမှ ဥက္ကဋ္ဌနှင့် အမှုဆောင် အရာရှိချုပ်ဖြစ်သူ Joseph Rudolf Lo ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားမှ စပါးများကို ဖိလစ်ပိုင်သို့ တိုက်ရိုက်မှာယူနိုင်ရေး ဖြစ်နိုင်ခြေ လေ့လာဆန်းစစ်ရန် ရည်ရွယ်လျက် ၎င်းထံလာရောက် တွေ့ဆုံခဲ့ကြောင်း၊ အဆိုပါ ကြိုးပမ်းအားထုတ်မှု အောင်မြင်ပါက ကမ္ဘောဒီးယား တောင်သူလယ်သမားများအတွက် စပါးစျေးကွက်အသစ်များကို ထပ်ဆောင်း၍ ဖွင့်လှစ်ပေးနိုင်မည် ဖြစ်ကြောင်း ကမ္ဘောဒီးယား စိုက်ပျိုးရေးဝန်ကြီး Dith Tina က ဒီဇင်ဘာ ၃ ရက်နေ့၌ ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။
ဝန်ကြီးဌာနအနေဖြင့် တင်ပို့မှုဆိုင်ရာ အသေးစိတ်အချက်အလက်များကို ညှိနှိုင်းရန်နှင့် စပါး များ မှာယူမှုလုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ရန် ဖိလစ်ပိုင်ကိုယ်စားလှယ်အဖွဲ့နှင့် ကမ္ဘောဒီးယား ဆန် စပါးအသင်းချုပ် (CRF) တို့အကြား တိုက်ရိုက်တွေ့ဆုံဆွေးနွေးပွဲကို စီစဉ်ပေးခဲ့ကြောင်း ဝန်ကြီး Tina က ရှင်းလင်းပြောကြားခဲ့သည်။
ဤသို့ စိုက်ပျိုးရေးနှင့် စီးပွားရေး ဆက်သွယ်မှုအသစ်ကို ထူထောင်ခြင်းသည် နှစ်နိုင်ငံလုံး အတွက် အပြန်အလှန် အကျိုးကျေးဇူးများ ပေးစွမ်းနိုင်မည်ဖြစ်သည်။ ကမ္ဘောဒီးယားသည် နိုင်ငံ တကာ စျေးကွက်သစ်တစ်ခု ထပ်မံရရှိမည်ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံသည်လည်း အရည်အသွေးမြင့် ဆန်အရင်း အမြစ်တစ်ခုကို လုံခြုံစွာ ရရှိမည်ဖြစ်ကြောင်း၊ အဆိုပါ ဆန်စျေးကွက်အသစ်ကို ဖွင့်လှစ် နိုင်ခြင်းသည် ဝန်ကြီးဌာန၏ မိတ်ဖက် ဆန်စက်များနှင့် တောင်သူလယ်သမားများထံမှ စပါးများကို ပိုမိုကျယ်ပြန့်သော အတိုင်းအတာဖြင့် ဝယ်ယူနိုင်စေရန်လည်း အထောက်အကူပြုမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ်၏ အဆိုအရ ၂၀၂၅ ခုနှစ် ပထမ ကိုးလအတွင်း ကမ္ဘော ဒီးယား နိုင်ငံသည် ဆန်တန်ချိန် ၅၉၆,၃၄၁ တန်ကို နေရာဒေသပေါင်း ၆၉ ခုသို့ တင်ပို့ခဲ့ရာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၀၉ သန်းနီးပါး ရှိခဲ့ကြောင်း သိရှိရသည်။
Source: Phnom Penh Post , 04 December 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
