
ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၆ ခုနှစ် ပထမသုံးလပတ်တွင် ဆန်တင်သွင်းမှု လိုအပ်ချက်များကို သိသိသာသာ လျှော့ချသွားမည်ဟု စိုက်ပျိုးရေးဝန်ကြီး Francisco Tiu Laurel Jr. က ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
ဖိလစ်ပိုင်အစိုးရသည် ၎င်း၏ လေးလကြာ ဆန်တင်သွင်းမှု တားမြစ်ချက်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ အစောပိုင်းတွင် ရုတ်သိမ်းရန် စီစဉ်ထားသည်။ ထိုသို့ ရုတ်သိမ်းလိုက်ပါက စိုက်ပျိုးရေး ဌာန (Bureau of Plant Industry) သည် သွင်းကုန်လျှောက်လွှာများ လက်ခံဆောင်ရွက်ခြင်းကို ပြန်လည်လုပ်ဆောင်နိုင်မည် ဖြစ်သည်။
ဆန်တင်သွင်းမှု ပိတ်ပင်ထားသည့် ကာလအတွင်း ဆန်အမျိုးအစားအချို့ကို ဆက်လက်တင် သွင်းနေခဲ့သော်လည်း ပြည်တွင်းထုတ်လုပ်မှု အခြေအနေကို အစိုးရက အကဲဖြတ်နေသည့်အတွက် စီးပွားဖြစ်တင်သွင်း ရောင်းချမှု အများစုကိုမူ ခေတ္တရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။ ဖိလစ်ပိုင်သို့ အစဉ် အလာအရ ဆန်ပေးသွင်းသူများကို တန်ဖိုးထားသော်လည်း စားနပ်ရိက္ခာဖူလုံမှုသည် အရေးကြီးဆုံး ဖြစ်ပြီး အရင်းအမြစ်ပေါင်းစုံမှ ဖြန့်ခွဲရရှိနိုင်ရန်မှာ အရေးကြီးသည်ဟု Tiu Laurel က ပြောကြား ခဲ့သည်။
လွန်ခဲ့သော သုံးလပတ်ကာလအတွင်း တိုင်ဖွန်းမုန်တိုင်းများ အကြိမ်ကြိမ်တိုက်ခတ်ခဲ့သော် လည်း ပြည်တွင်းထွက်ရှိမှုသည် အားကောင်းနေဆဲဖြစ်ကြောင်း၊ လယ်သမားများ၏ ခံနိုင်ရည်ရှိမှု၊ သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုများ ပိုမိုကောင်းမွန်လာမှုနှင့် အဓိကစပါးထွက်ရှိသည့် ဒေသများကို မထိခိုက်အောင် ဆောင်ရွက်နိုင်မှုတို့ကြောင့် စိုက်ပျိုးထားရှိဆဲ သီးနှံပင်များအပေါ် ထိခိုက်မှုမှာ ကနဦးခန့်မှန်းထားသည်ထက် နည်းပါးကြောင်း ၎င်းကပြောကြားခဲ့ပါသည်။
ယခုအခါ စိုက်ပျိုးရေးဝန်ကြီးဌာနသည် ၂၀၂၅ ခုနှစ်အတွက် စပါးထွက်ရှိမှုကို မက်ထရစ်တန် ၁၉.၆၁ သန်းမှ ၁၉.၈၉ သန်းအထိ ရရှိမည်ဟု ခန့်မှန်းထားသည်။ ၎င်းပမာဏသည် ယခင်က သတ်မှတ်ထားသော တန်ချိန် ၂၀.၄၆ သန်း ရည်မှန်းချက်အောက် အနည်းငယ်လျော့နည်းသော် လည်း ၂၀၂၃ ခုနှစ်တွင် စံချိန်တင်ခဲ့သော တန်ချိန် ၂၀.၀၆ သန်းနှင့် နီးစပ်သည့် ပမာဏဖြစ်သည်။
အဆိုပါခန့်မှန်းချက်သည် ၂၀၂၄ ခုနှစ် ထုတ်လုပ်မှု စပါးတန်ချိန် ၁၉.၀၉ သန်းကို ကျော်လွန် ကာ အထွက်နှုန်း အားကောင်းလာကြောင်း ညွှန်ပြနေသည်။ ဖိလစ်ပိုင်နိုင်ငံ အနေဖြင့် လာမည့်နှစ် တွင် ဆန်တန်ချိန်ပမာဏ အများအပြား ပြန်လည်တင်သွင်းလိမ့်မည်ဟု သမားရိုးကျ ဆန်တင်ပို့ သည့် နိုင်ငံများ၏ ခန့်မှန်းပြောဆိုမှုများအပေါ်ကိုလည်း Tiu Laurel က ဖြေရှင်းပြောကြားခဲ့သည်။
အစိုးရအနေဖြင့် နိုင်ငံခြားတင်သွင်းသူများကို တိုင်းပြည်၏ စားနပ်ရိက္ခာဖူလုံရေး အစီအမံ များကို အသုံးချပြီး အမြတ်ထုတ်ခြင်းမှ တားဆီးမည်ဖြစ်ပြီး အရင်းအမြစ်များ ကွဲပြားစေရန်၊ တည်ငြိမ်သော ဈေးနှုန်းနှင့် ပုဂ္ဂလိကတင်သွင်းသူများအနေဖြင့် ရေရှည်ပူးပေါင်းဆောင်ရွက်မှုကို အာမခံနိုင်မည့် မိတ်ဖက်များကို ရှာဖွေရန် တိုက်တွန်းခဲ့သည်။
ဖိလစ်ပိုင်စိုက်ပျိုးရေးဌာန (DA) သည် ပြည်တွင်းရှိ လယ်ယာလုပ်ငန်းခွင်မှ ရောင်းချသည့် စျေးနှုန်းများကို ကာကွယ်ရန်နှင့် အမြတ်ထုတ်လိုသည့် တင်သွင်းမှုလုပ်ငန်းများကို တားဆီးရန် အလေးပေး ချိန်ညှိပြင်ဆင်ထားသည့် ဆန်တင်သွင်းမှုဇယားကို လာမည့်ရက်များအတွင်း ထုတ်ပြန် သွားမည်ဖြစ်သည်။
Source: Manila Standard, 04 December 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
