
၂၀၂၅ ခုနှစ်၏ လက်ကျန် ၂ လတွင် ထိုင်းနိုင်ငံ၏တင်ပို့မှုမှာ ဆက်လက်အပေါင်းလက္ခဏာ ဆောင်နိုင်သော်လည်း ထိုကာလအတွက်ကြီးထွားမှုမှာ အသင့်အတင့်သာရှိနိုင်ကြောင်း ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာန၏ အဆိုအရ သိရပါသည်။ ထိုင်းနိုင်ငံ ကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံး၏ ညွှန်ကြားရေးမှူးချုပ် Nantapong Chiralerspong က ဒစ်ဂျစ်တယ်နည်းပညာ ထုတ်ကုန်များအတွက် ကမ္ဘာလုံးဆိုင်ရာဝယ်လိုအားကောင်းမှုနှင့် ပြုပြင်ထုတ်လုပ်ထားသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များနှင့် အစားအစာထုတ်ကုန်များအတွက် ဝယ်လိုအားတည်ငြိမ်မှုတို့က ပို့ကုန်အဟုန်ကိုမောင်းနှင်ပေးနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ သို့သော်ဘတ်ငွေ တန်ဖိုးတက်မှုနှင့် ရေလွှမ်းမိုးမှုကြောင့် စိုက်ပျိုးရေးထုတ်ကုန်ထွက်ရှိမှကျဆင်းခြင်းတို့ကြောင့် ပို့ကုန်ကျဆင်းမှုအတွက် စွန့်စားရမှုများရှိနိုင်ပြီး အနီးကပ်ဆက်လက်ဆောင့်ကြည့်ရန်လိုအပ်ကြောင်း သိရပါသည်။ စီးပွားကူးသန်းဝန်ကြီးဌာနက ၂၀၂၅ ခုနှစ်လက်ကျန် ၂ လအတွက်တင်ပို့မှုမှာ တစ်လလျှင် အမေရိကန်ဒေါ်လာ ၂၅-၂၆ ဘီလီယံပတ်လည်ရှိနိုင်ကြောင်း မျှော်မှန်းလျက်ရှိသည်ဟု သိရပါသည်။ စီးပွားကူးသန်းဝန်ကြီး Suphajee Suthumpun က တင်ပို့မှုကြီးထွားရန်အတွက် တည်ထောင်ပြီးဈေးကွက်များအားကောင်းစေခြင်း၊ အလားအလာမြင့်မားသောဈေးကွက်သစ်များသို့ တိုးချဲ့ခြင်းနှင့် ဈေးကွက်လမ်းကြောင်းတို့မြှင့်ရန် ကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးမှုများမြှင့်တင်ခြင်းစသည့် အဓိကထောက်တိုင် ၃ ခုပါဝင်သည့် မဟာဗျူဟာမူဝါဒများကို တင်ပြခဲ့ကြောင်း သိရ ပါသည်။ ဦးစားပေးဆောင်ရွက်ရမည့်အရာများတွင် အပြန်အလှန်အကောက်ခွန်သဘောတူညီ ချက်အဆင့်မြှင့်တင်ခြင်းနှင့် ထိုင်းနိုင်ငံ၏ အမေရိကန်နှင့် စီးပွားရေးမိတ်ဖက်ဖွဲ့မှုနက်ရှိုင်းစေခြင်း တို့ပါဝင်ကြောင်း သိရပါသည်။ ထိုအချက်များကိုပံ့ပိုးရန်အတွက် အကောက်ခွန်သက်ရောက်မှုများကို သုံးသပ်ဖော်ထုတ်ရန်နှင့် ပို့ကုန်လုပ်ငန်းရှင်များအတွက် မူဝါဒဆိုင်ရာစီမံကိန်းများရေးဆွဲရာတွင် အသုံးဝင်မည့် အရေးကြီးဒေတာများကို ပံ့ပိုးပေးရန် လုပ်ငန်းအဖွဲ့တည်ထောင်ခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။ စီးပွားကူးသန်းဝန်ကြီးဌာန၏ အဆိုအရ အောက်တိုဘာလတင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၈.၈ ဘီလီယံရှိခဲ့ကြောင်း သိရပါသည်။ အမေရိကန်ထံမှမြင့်မားသော အကောက်ခွန်ဖိအားများရှိနေသော်လည်း အမေရိကန်၊ တရုတ်၊ ဥရောပသမဂ္ဂအစရှိသည့် အဓိက ဈေးကွက်များနှင့် တောင်အာရှ၊ အရှေ့အလည်ပိုင်းနှင့် လတ်တင်အမေရိကအစရှိသည့် ဒုတိယ အဆင့်ဈေးကွက်များသို့ တင်ပို့မှုစွမ်းရည်အားကောင်းခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၏ ပထမ ၁၀ လတာကာလတွင် ထိုင်းနိုင်ငံသည် အမေရိကန်ဒေါ်လာ ၂၈၂.၉ ဘီလီယံ တန်ဖိုးတင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၆၈.၈ ဘီလီယံတန်ဖိုးတင်သွင်းခဲ့ကာ ကုန်သွယ်ရေးလိုငွေ အမေရိကန် ဒေါ်လာ ၃.၈၇ ဘီလီယံပြခဲ့ကြောင်း သိရှိရပါသည်။
Bangkok Post
DOCA (ရန်ကုန်)
