Main menu

ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ် ကမ္ဘောဒီးယား Malys Angkor ဆန် သတ္တမအကြိမ် ရွေးချယ်ခံရ

Powered by Drupal

  ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှ စတင်၍ ၃ ရက်ကြာ ကျင်းပခဲ့သော ကမ္ဘာ့ဆန်ညီလာခံ ၂၀၂၅ တွင် Malys Angkor အမည်အမှတ်တံဆိပ်ဖြင့် စျေးကွက် တင်ရောင်းချနေသည့် ကမ္ဘောဒီးယား Phka Romdoul ဆန်သည် ကမ္ဘာ့ အကောင်းဆုံးဆန်ဆုကို ထပ်မံရယူခဲ့ပြီး ကမ္ဘာ့ဆန်စပါးနယ်ပယ်၌ ကမ္ဘောဒီးယားနိုင်ငံ၏ လွှမ်းမိုးနိုင်မှုကို ထပ်လောင်း၍ အတည်ပြုနိုင်ခဲ့ကြောင်း သိရှိရသည်။

      အဆိုပါညီလာခံကို စီစဉ်ကျင်းပသည့် The Rice Trader အဖွဲ့မှ ပေးအပ်သည့် အထက်ပါ ဆုသည် ကမ္ဘောဒီးယားနိုင်ငံအတွက် သတ္တမအကြိမ် ထိပ်တန်းဂုဏ်ထူးဆောင်ဆုအဖြစ် ပေးအပ် ချီးမြှင့်ခံရခြင်း ဖြစ်သည်။ ယင်းထိပ်သီးညီလာခံသို့ ကမ္ဘာ့ဆန်စပါးလုပ်ငန်းနယ်ပယ်မှ ဦးဆောင် ထုတ်လုပ်သူများ၊ ကုန်သည်များနှင့် ကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြသည်။

    ကမ္ဘောဒီးယား Phka Romdoul ဆန်သည် ၎င်း၏ နူးညံ့သော အသွင်အပြင်နှင့် ထူးခြားသော ပန်းရနံ့တို့ကြောင့် ယခင် ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၈၊ ၂၀၂၂ နှင့် ၂၀၂၄ ခုနှစ်များတွင် ကျင်းပခဲ့သော ကမ္ဘာ့အကောင်းဆုံးဆန် ရွေးချယ်ပွဲများ၌ ဆုများ ရရှိခဲ့ခြင်းဖြစ်သည်။

      ကမ္ဘောဒီးယား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက နိုင်ငံ၏စိုက်ပျိုးရေး ဂုဏ် သတင်းအတွက် သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ဆုရယူနိုင်ခဲ့ခြင်းအား ချီးကျူးဂုဏ်ပြုခဲ့ပြီး နိုင်ငံ၏ အထင်ကရသီးနှံဖြစ်သည့် ဆန်ကို နိုင်ငံတကာမှ ချီးကျူးဂုဏ်ပြုခံရသည့်အတွက် လယ်သမားများ၊ ဆန်စက်များနှင့် ပို့ကုန်လုပ်ငန်းရှင်များအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

     ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း နိုင်ငံတကာ ဈေးကွက် ၆၉ ခုသို့ ဆန် ၅၉၆၃၄၁ တန် တင်ပို့ခဲ့လျက် ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၀၈.၉၃ သန်း ရရှိခဲ့ရာ ၂၀၂၄ ခုနှစ် အလားတူကာလအတွင်း ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၃၅.၄ သန်း ရရှိခဲ့မှုထက် ပို့ကုန်ဝင်ငွေ ပိုမိုတိုးတက်လာကြောင်း သိရပါသည်။ ထိုသို့ ဆန်တင်ပို့မှု၏ ထက်ဝက် ခန့်သည် ဥရောပနိုင်ငံ ၂၆ နိုင်ငံသို့ တင်ပို့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံနှင့် ၎င်း၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများသည် ကမ္ဘောဒီးယားဆန်ကို ဒုတိယအများဆုံးတင်သွင်းသည့်နေရာ၌ ရပ်တည်နေသည်။

     ဆန်မွှေးမျိုးကွဲများသည် ပြည်ပတင်ပို့မှုတွင် လွှမ်းမိုးထားနိုင်ပြီး စုစုပေါင်းတင်ပို့မှု၏ ၆၈.၈၁ ရာခိုင်နှုန်းရှိကြောင်း၊ ဆန်လုံးရှည် ၁၆.၁၈ ရာခိုင်နှုန်း၊ ဆန်ကွဲ ၁၀.၁၃ ရာခိုင်နှုန်း၊ ပေါင်းဆန် ၂.၄၄ ရာခိုင်နှုန်း၊ အော်ဂဲနစ်ဆန် ၁.၈၈ ရာခိုင်နှုန်းနှင့် ကျန် ၀.၅၆ ရာခိုင်နှုန်းသည် အခြားမျိုးကွဲများ ဖြစ် ကြောင်း ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ် (CRF) ၏ အချက်အလက်များအရ သိရှိရသည်။

Source: Cambodianess, November 10, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)