
အင်ဒိုနီးရှားနိုင်ငံစက်မှုဝန်ကြီး Agus Gumiwang Kartasasmita ကနိုင်ငံ၏ ဖိနပ်နှင့် သားရေလုပ်ငန်းနယ်ပယ်သည် ၂၀၂၅ ခုနှစ်၏ ပထမ ၃ လပတ်ကာလတွင် ၈.၃ ရာခိုင်နှုန်းကြီးထွားခဲ့ပြီး နိုင်ငံတော်စီးပွားရေးကြီးထွားနှုန်း ၅.၁၂ ရာခိုင်နှုန်းကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း နိုဝင်ဘာလ ၄ ရက်နေ့က ပြောကြားခဲ့ပါသည်။ National Footwear Industry Empowerment Center (BPIPI) ဖွင့်ပွဲအခမ်းအနားတွင် Kartasasmita ကပို့ကုန်စွမ်းရည်အားကောင်းမှုကြောင့် ကဏ္ဍ၏ကြီးထွားမှု အားကောင်းခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ ဖိနပ်နှင့် သားရေထုတ်ကုန်များတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၅.၁၆ ဘီလီယံတန်ဖိုးရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလကရရှိခဲ့သည့် အမေရိကန်ဒေါ်လာ ၄.၆၁ ဘီလီယံကိုကျော်ဖြတ်ခဲ့ကြောင်း သိရပါသည်။ မူပိုင်ခွင့်ညွှန်ကြားရေးရုံးမှ အချက်အလက်များအရ ဝန်ကြီးက ပြည်တွင်းဖိနပ် အမှတ်တံဆိပ် ၂၃၀၁၀ မှတ်ပုံတင်ခဲ့ခြင်းက ကဏ္ဍ၏ဖန်တီးနိုင်စွမ်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းကြီးထွား လာမှုကို ပြသနေကြောင်းနှင့် ပြည်တွင်းအမှတ်တံဆိပ်များကို ပံ့ပိုးမှုတိုးချဲ့ခြင်းသည် လုပ်ငန်း နယ်ပယ်၏ ကြံ့ကြံ့ခံနိုင်စွမ်းကို ဆက်လက်အားကောင်းစေမည်ဟု ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံစာရင်းအင်းရုံးထံမှ အချက်အလက်များအရ အသေးစားဖိနပ်နှင့် သားရေလုပ်ငန်း ၅၃၃၃၃ သည် လတ်တလောတွင် အလုပ်အကိုင် ၁၅၉၀၀၀ ဦးနှင့် အလတ်စားနှင့် အကြီးစား လုပ်ငန်း ၇၃၇ ခုက အလုပ်အကိုင် ၅၇၁၀၀၀ ကိုဖန်တီးပေးထားကြောင်း သိရပါသည်။ အင်ဒိုနီးရှား နိုင်ငံသည်ကမ္ဘာပေါ်တွင် ၆ ခုမြောက်အကြီးမားဆုံး ဖိနပ်တင်ပို့သူ အဖြစ်ရပ်တည်နေပြီး အမေရိကန်မှာ အဓိကပို့ကုန်ဈေးကွက်ဖြစ်ကာ ၎င်း၏နောက်တွင် များစွာသောဥရောပနိုင်ငံများ နှင့် ဖွံဖြိုးဆဲနိုင်ငံများရပ်တည်နေကြောင်း သိရပါသည်။ Kartasasmita က ကဏ္ဍ၏အနာဂတ်ကို အကောင်းမြင်သုံးသပ်ခဲ့ပြီး နိုင်ငံတော်စက်မှုလုပ်ငန်း အားကောင်းရန်အတွက် ပြည်တွင်းထုတ်ကုန်များကို ပိုမိုသုံးစွဲရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ အင်ဒိုနီးရှားအစိုးရသည်လည်း ထိရောက် သောစက်မှုလုပ်ငန်းဆိုင်ရာမူဝါဒများ မှတစ်ဆင့် စီးပွားရေးဂေဟစနစ်ကို ဆက်လက်အရှိန် မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
Antara News
DOCA (ရန်ကုန်)
