Main menu

စားအုန်းဆီကို အကောက်ခွန်သုညရာခိုင်နှုန်းဖြင့် အမေရိကန်သို့တင်ပို့နိုင်ရေး အင်ဒိုနီးရှားကြိုးပမ်း

Powered by Drupal

      အင်ဒိုနီးရှားအစိုးရသည် ၎င်း၏ စားအုန်းဆီထုတ်ကုန်များ အမေရိကန်စျေးကွက်သို့ ဝင် ရောက်ရာတွင် သွင်းကုန်အခွန် သုညရာခိုင်နှုန်းအထိရရှိရန် သံတမန်ရေးနည်းလမ်းအရ ပြင်းပြင်း ထန်ထန် ကြိုးပမ်းနေကြောင်း၊ ထိုသို့ အားထုတ်မှုသည် အမေရိကန်ထံမှ အလားတူ သွင်းကုန်အ‌ပေါ် အကောက်ခွန်ဆိုင်ရာ အထူးအခွင့်အရေးများ ရရှိထားပြီးဖြစ်သည့် မလေးရှားနိုင်ငံနှင့် မျှတစွာ ယှဉ် ပြိုင်နိုင်ရေး ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရှိရကြောင်း အင်ဒိုနီးရှားအခြေစိုက် Palm Oil Magazine သတင်းဝက်ဘ်ဆိုက်က နိုဝင်ဘာလ ၄ ရက်နေ့တွင် ဖော်ပြထားပါသည်။

      အင်ဒိုနီးရှား စက်မှုဝန်ကြီးဌာန၊ စိုက်ပျိုးရေးလုပ်ငန်းဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် Putu Juli Ardika ၏ ပြောကြားချက်အရ အင်ဒိုနီးရှားနှင့် အမေရိကန်တို့အကြား စေ့စပ်ညှိနှိုင်းဆွေးနွေးမှု များ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ၎င်းဆွေးနွေးပွဲများမှ နိုင်ငံ၏စားအုန်းဆီလုပ်ငန်းအတွက် နှစ်ဦးနှစ်ဖက်အကျိုးရှိသော သဘောတူညီချက်တစ်ရပ်ကို ဖြစ်ပေါ်စေမည်ဟု အင်ဒိုနီးရှားအစိုးရက မျှော်လင့်ထားကြောင်း သိရှိရသည်။

      အင်ဒိုနီးရှား စားအုန်းဆီအပေါ် ကောက်ခံသည့် အခွန်နှုန်းထားအတွက် နှစ်နိုင်ငံကြား စေ့စပ် ညှိနှိုင်းမှုများဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ လာမည့်ဆွေးနွေးမှုများတွင် အနိမ့်ဆုံးအဆင့်အားဖြင့် မလေးရှားနိုင်ငံကဲ့သို့ တူညီသောအကောက်ခွန်နှုန်းထားကို ရရှိနိုင်မည်ဟု မျှော်လင့်ပါကြောင်းဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့ ဂျကာတာမြို့၌ကျင်းပသည့် စိုက်ပျိုးရေး အခြေခံ စက်မှုလုပ်ငန်းဆိုင်ရာ ကုန်စည်ပြပွဲတွင် Mr. Putu က ပြောဆိုခဲ့ခြင်းဖြစ်သည်။

    သတင်းများအရ မလေးရှားနိုင်ငံသည် အမေရိကန်နိုင်ငံနှင့် အပြန်အလှန် အကောက်ခွန် စည်းကြပ်မှု သဘောတူညီချက်တစ်ရပ်ကို မကြာသေးမီက လက်မှတ်ရေးထိုးခဲ့ပြီး မလေးရှားပို့ကုန် အ‌ပေါ် အမေရိကန်ဘက်မှ စည်းကြပ်အခွန် ၂၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၁၉ ရာခိုင်နှုန်းသို့ လျှော့ချခဲ့သည်။ ထို့အပြင် အမေရိကန်နိုင်ငံသည် စားအုန်းဆီ၊ ရော်ဘာထုတ်ကုန်များ၊ သစ်အခြေခံကုန်စည်များ၊ လေကြောင်းပျံသန်းမှုဆိုင်ရာ စက်ပစ္စည်းအစိတ်အပိုင်းများနှင့် ဆေးဝါးများ အပါအဝင် မလေးရှား နိုင်ငံ၏ အဓိကပို့ကုန်ပစ္စည်းများစွာကို အကောက်ခွန်ကင်းလွတ်ခွင့် (သုညရာခိုင်နှုန်း) အပြည့်အဝ ပေးထားကြောင်း သိရှိရသည်။

    အာရှနှင့် ဥရောပဒေသ ပြင်ပရှိ အင်ဒိုနီးရှား၏ အလားအလာ အကောင်းဆုံးစျေးကွက်များ အနက် အမေရိကန်နိုင်ငံသည် တစ်ခုအပါအဝင်ဖြစ်သောကြောင့် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ၎င်း၏ ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်းအားကို ဆက်လက်ထိန်းသိမ်းထားရန်အတွက် အလားတူအခွင့်အရေးမှာ မရှိမဖြစ်လိုအပ်သည်ဟု ရှုမြင်လျက်ရှိသည်။ အကောက်အခွန်စည်းကြပ်မှု သုညရာခိုင်နှုန်းဖြင့် တင်ပို့နိုင်မည်ဆိုပါက အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် အမေရိကန်ဈေးကွက်တွင် မလေးရှားနှင့် တန်းတူ ယှဉ်ပြိုင်နိုင်သည်ဟု Mr. Putu ကအလေးပေးပြောကြားခဲ့သည်။

     အမေရိကန်-အင်ဒိုနီးရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှုစေ့စပ်ညှိနှိုင်းရေး ကြိုးပမ်းမှုသည် ကမ္ဘာလုံးဆိုင်ရာ လယ်ယာစီးပွားရေးကဏ္ဍတွင် အင်ဒိုနီးရှား၏ စီးပွားရေးရာ သံတမန်ဆက်ဆံမှုကို အားကောင်းစေရန်နှင့် စားအုန်းဆီတင်ပို့သည့် ဈေးကွက်များအား ဖြန့်ခွဲနိုင်စေရန်တို့အတွက် အင်ဒိုနီးရှားအစိုးရ၏ ပိုမိုကျယ်ပြန့်သော မဟာဗျူဟာ ချမှတ်ထားရှိမှုနှင့် ကိုက်ညီလျက်ရှိသည်။

    အကယ်၍ အင်ဒိုနီးရှား ပို့ကုန်အပေါ် အမေရိကန်၏ နှစ်နိုင်ငံအပြန်အလှန်စည်းကြပ်မည့် အကောက် ခွန်နှုန်းထားကို သုညရာခိုင်နှုန်းအထိ လျှော့ချနိုင်မည့်မူဝါဒ အောင်မြင်မည်ဆိုပါက အင်ဒိုနီးရှား စားအုန်းဆီထုတ်လုပ်သူများ၏ စျေးကွက်ဝေစုကို ချဲ့ထွင်ရန်၊ ပို့ကုန်ဝင်ငွေ မြှင့်တင်ရန် တို့အတွက် ထူးခြားသော အခွင့်အလမ်းများကို ဖန်တီးပေးနိုင်မည်ဖြစ်သည့်အပြင် ကမ္ဘာ့အကြီးဆုံး စားအုန်းဆီ ထုတ်လုပ်သူနိုင်ငံအဖြစ် အင်ဒိုနီးရှား၏ ရပ်တည်ချက်ကို အားဖြည့်ပေးနိုင်မည်ဟု သိရှိ ရပါကြောင်း အင်ဒိုနီးရှားအခြေစိုက် Palm Oil Magazine သတင်းဌာနက ဖော်ပြထားပါသည်။

Source: Palm Oil Magazine, 4th November, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)