
(၃.၁၀.၂၀၂၄)ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပန်းတနော် ဆန်စက်ပိုင်ရှင်နှင့် ဆန်ကုန်သည် လုပ်ငန်းရှင်အသင်း ကိုဖိတ်ကြား၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းရှင် လိုက်နာရမည့်တာဝန်များအကြောင်းကို အသိပညာပေး ဆွေးနွေးခဲ့ကြသည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူက တက်ရောက်လာသော လုပ်ငန်းရှင်များကို အသိပညာပေး ပြောကြားရာတွင် ဆန်စက်နှင့် ဆန်အရောင်းဆိုင်ရှင်များ စည်ပင်သာယာနယ်နမိတ်အတွင်း လုပ်ငန်းရှင်များလုပ်ငန်းလိုင်စင်များ၊ ခွင့်ပြုချက်လုပ်ငန်းလိုင်စင်များ ကိုင်ဆောင်ထားကြရန်၊ ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးသည့်အခါ လုပ်ငန်းလိုင်စင်ပြသနိုင်ခြင်းမရှိပါက လုပ်ငန်းလိုင်စင် ပယ်ဖျက်သည်အထိ အရေးယူဆောင်ရွက်နိုင်ကြောင်း တက်ရောက်လာသူများ သိရှိလိုသည့်ကိစ္စရပ်များကို မေးမြန်းနိုင်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်က ဆက်လက်ဟောပြောဆွေးနွေးရာ ရပ်ကွက်များ၊ ဈေးများနှင့် မြို့ရွာများအတွင်း ဖွင့်လှစ်သည့် လက်လီဆန်ဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးများနှင့် အညီရောင်းချရန် ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အလေးချိန်မှန်၊ အရည်အသွေးမှန်၊ အရောင်းအဝယ်မှန်စွာဖြင့် ရောင်းချရန်၊ လက်ကားပွဲရုံများ၊ ဆန်စက်များနှင့် ကုန်စည်ဒိုင်များထံမှ သတ်မှတ်ရည်ညွှန်းဈေးများနှင့် ကုန်စည်ရရှိမှုမရှိခြင်း၊ အရည်အသွေးလျော့နည်းသော ပစ္စည်းများသာဝယ်ယူရရှိပါက စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူအခွင့်အရေး ထိခိုက်နာစ်နာ ဆုံးရှုံးမှု အတွက် စားသုံးသူကာကွယ်ရေးဥပဒေအရ စားသုံးသူအကျိုးစီးပွားကို ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသတွင်း လုပ်ငန်းရှင်၊ အစိုးရဌာန၊ ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဆန်ဆိုင်နှင့် သိုလှောင်ရုံ လုပ်ငန်းရှင်များကလည်း ရောင်းချမှုလုပ်ငန်းလိုင်စင်နှင့် သိုလှောင်ရုံမှတ်ပုံတင်မှုလုပ်ငန်းများကို လုပ်ဆောင် ထားရန်နှင့် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေး အဖွဲ့မှလိုက်လံစစ်ဆေးသည့်အခါ လိုက်နာမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါက တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ကြောင်းကို လုပ်ငန်းရှင်များ သိရှိနိုင်စေရန် အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
