
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားရုပ်ရှင်တော်မြတ်များ ဒေသစာရီကြွချီအပူဇော်ခံပွဲကို ၂၂-၉-၂၀၂၅ ရက်နေ့မှ ၉-၁၀-၂၀၂၅ ရက်နေ့အထိ အင်းလေးဒေသ (၂၁) ဌာနသို့ ကြွချီအပူဇော်ခံလျက်ရှိရာ ဘုရားဖူးလာသူများနှင့် စည်ကား လျက်ရှိပါသည်။
ဘုရားပွဲဈေးတွင် ဒေသခံများမှ မြန်မာ့ရိုးရာအစားအစာများ ရောင်းချလျက်ရှိရာ ကောက်ညှင်း ကျည်တောက်(သို့)ဝါးကျည်တောက်များ အရောင်းသွက်ကြောင်း သိရှိရပါသည်။ ကောက်ညှင်း ကျည်တောက်ကို ရိုးရိုး၊ အဆိမ့် နှင့် အချို စသည်ဖြင့် ပြုလုပ်ရောင်းချကြပါသည်။ “ရိုးရိုး” မှာ ကောက်ညှင်းသီးသန့် ပါဝင်ပြီး၊ “အဆိမ့်” မှာ ကောက်ညှင်းအပြင် အုန်းသီး၊ မြေပဲ နှင့် နှမ်းများ ပါဝင်ပါသည်။ “အချို” ကတော့ ကောက်ညှင်းမှုန့် နှင့် ကြံသကာတို့ကို ဝါးကျည်တောက်ထဲထည့်၍ ပေါင်းခံထားကြောင်း သိရှိရပါသည်။ အင်းလေးဖောင်တော်ဦးဘုရားပွဲဈေးများတွင် လည်းကောင်း၊ တောင်ကြီးတန်ဆောင်တိုင်ပွဲတွင်လည်းကောင်း ကောက်ညှင်းကျည်တောက်များအား ပွဲဈေးလမ်းဘေး ဝဲ၊ ယာ များတွင် ရောင်းချလျက်ရှိပါသည်။ ကောက်ညှင်း ကျည်တောက် ၁ ပိဿာလျှင် ၁၂၀၀၀/- ကျပ် မှ ၁၅၀၀၀/- ကျပ် ဈေးဖြင့် ရောင်းချကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)
