Main menu

တောင်ငူမြို့၏ မာလကာသီးဈေးနှုန်း

Powered by Drupal

  ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊တောင်ငူမြို့၊ ဒိုးသောင်ကျေးရွာအုပ်စု၊ ရှမ်းဝတီးကျေးရွာမှ ကျေးရွာနေ ပြည်သူများသည် ရာသီအလိုက် အသီးအနှံများနှင့်ဟင်းသီးဟင်းရွက်များ စိုက်ပျိုးလျက် ရှိသည်။ထွက်ရှိလာသော ရာသီပေါ်ဒေသထွက်  အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များအား တောင်ငူမြို့ပေါ်ရှိ ဈေးများသို့ ဖောက်သည်သွင်း၍သော်လည်းကောင်း ကိုယ်တိုင်လာရောက် ရောင်းချ ခြင်းဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

          ယခုအခါ မာလကာသီးများ လှိုင်လှိုင်ပေါသော ရာသီဖြစ်သည်။ မာလကာသီးတွင် (အူ)အဖြူသီး နှင့်အနီသီးဟူ၍ နှစ်မျိုးရှိပါသည်။ တစ်နှစ်ပတ်လုံးအနေဖြင့် မာလကာသီးကို (၂)ကြိမ်ခူးဆွတ်ရသည်ဟု သိရှိရသည်။ အသီးစသီးချိန် ၁၅ရက်မှ၂၀ရက်တွင် အိတ်စွပ်ရပြီး အိတ်စွပ်ပြီး ၁လအကြာ၊ စုစုပေါင်း ရက်ပေါင်း၄၅ရက်မှ၅၀ရက်တွင် စတင်ခူးဆွတ်နိုင်ကြောင်း မေးမြန်းသိရှိရသည်။ မာလကာသီးများသည် တစ်နှစ်ပတ်လုံးတွင် ၂ကြိမ်သီးသော်လည်း ယခုကဲ့သို့ မိုးရာသီတွင် ထွက်ရှိသော အသီးများသည် ကျွတ်၍  ပိုစားကောင်းသည်။

            တောင်ငူမြို့ လူစည်ကားရာ နေရာများနှင့် ဈေးများရှိ သစ်သီးဆိုင်အများအပြားတွင် မာလကာသီးများ ရောင်းချလျက်ရှိသည် ။ မာလကာသီးသည် ကျွတ်၍ချိုပြီး၊ အနံ့မွှေးသောကြောင့် လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သော အသီးတစ်မျိုးဖြစ်သည်။ မာလကာသီးကို သရေစာအဖြစ် ဆား၊ငရုတ်သီးတို့ဖြင့် စားသုံးကြသည်။

             ဈေးနှုန်းအနေဖြင့် ယခင်နှစ်က မာလကာသီးအလုံးအကြီး၊အလတ်၊ အသေးပေါ်မူတည်၍ ၄၀၀ ကျပ် မှ ၇၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခုနှစ်တွင် အလုံးအကြီး၊ အလတ်၊ အသေးပေါ်မူတည်၍ ၅၀၀ ကျပ်မှ ၈၀၀-၁၀၀၀ကျပ်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်နှစ်ထက် ဈေးအနည်းငယ် ပိုရရှိကြောင်း ရှမ်းဝတီးကျေးရွာနေ မာလကာစိုက်ပျိုးသည့် ဒေါ်သိမ့်သိမ့်၏ ပြောကြားချက်အရ သိရှိရသည်။

DOCA(ပဲခူး)