
ကမ္ဘာ့ထိပ်တန်းနေကြာဆီထုတ်လုပ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သော ရုရှားနိုင်ငံသည် အိန္ဒိယသို့ ၎င်း၏ နေကြာဆီတင်ပို့မှုကိုတိုးမြှင့်ရန် ရည်ရွယ်လျက်ရှိကြောင်း ရုရှားနိုင်ငံ ပိုင် စိုက်ပျိုးရေးပို့ကုန် အေဂျင်စီမှ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံမှ စွမ်းအင်များကို အဓိက ဝယ်ယူသူဖြစ်ပြီး ဝယ်ယူမှုများကို ထိန်းချုပ်ရန် အိန္ဒိယနိုင်ငံအပေါ် အမေရိကန်၏ဖိအားပေးမှု များရှိနေသည့်အကြားမှ နှစ်နိုင်ငံသည် နီးကပ်သောဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားလျက်ရှိသည်။ အမေရိကန် သည် အိန္ဒိယနိုင်ငံမှ ကုန်ပစ္စည်းများအပေါ် အခွန် ၅၀ ရာခိုင် နှုန်း စည်းကြပ်ထားသောကြောင့် အိန္ဒိယနိုင်ငံမှ အခြားကုန်သွယ်ဖက်နိုင်ငံများအား ရှာဖွေဆောင်ရွက် နေခြင်းဖြစ်သည်။ ရုရှားနိုင်ငံသည် ၂၀၂၅/၂၆ ရာသီတွင် နေကြာဆီ မတ်ထရစ်တန် ၅ သန်းစံချိန်တင် တင်ပို့ရန် စီစဉ်ထားကြောင်း IKAR ၏အတိုင်အပင်ခံအကြီးအကဲ Dmitry Rylko ၏ အဆိုအရ သိရ သည်။ အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံမှ နေကြာဆီအများဆုံးဝယ်ယူနေသော နိုင်ငံဖြစ်ပြီး ရုရှားနိုင်ငံ နေကြာဆီတင်ပို့မှု စုစုပေါင်း၏ သုံးပုံတစ်ပုံခန့်ရှိသည်။ ရုရှားနိုင်ငံမှ လယ်သမားအများ အပြားသည် နိုင်ငံ၏ အကြီးဆုံးစိုက်ပျိုးရေး ပို့ကုန်ဖြစ်သော စပါးအား အမြတ်အစွန်းနည်းသည်ဟု ရှုမြင်လာကြ ကာ နေကြာစိုက်ပျိုးခင်းများ ပြောင်းလဲစိုက်ပျိုးလာကြသောကြောင့် ယခုနှစ်တွင် နေကြာသီနှံများ စံချိန်တင် ရိတ်သိမ်းနိုင်ရန်လည်း စီစဉ်ထားလျှက်ရှိကြောင်းသိရသည်။ အိန္ဒိယ နိုင်ငံသည် အာဂျင်တီးနား၊ ဘရာဇီး၊ ရုရှားနှင့် ယူကရိန်းနိုင်ငံတို့မှ ပဲပုပ်ဆီနှင့် နေကြာ ဆီတို့ကို တင်သွင်းလျှက်ရှိသည်။ ပဲပိစပ်နှင့် ပန်းနှမ်းဆီ အပါအဝင် ဟင်းသီးဟင်းရွက်ဆီထုတ်လုပ်မှုသည် ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၁၀.၅ သန်းကျော်အထိ ၇.၅ ရာခိုင်နှုန်း တိုးလာမည်ဟု ရုရှားနိုင်ငံ၏ Oil and fats Union အကြီးအကဲ Mikhail Matsev မှ ပြောကြားခဲ့ပြီး ဟင်းသီးဟင်းရွက် ဆီတင်ပို့မှုလည်း စံချိန်တင်နိုင်မည်ဟု ခန့်မှန်းထားကြောင်းသိရသည်။
Source : Xinhua
DOCA(ရန်ကုန်)
