Main menu

ရမည်းသင်းမြို့နယ် ဒေသထွတ် တန်ဖိုးမြင့်ထုတ်ကုန်အသားခြောက်လုပ်ငန်း

Powered by Drupal

     အသားခြောက်လုပ်ငန်းသည် မြန်မာနိုင်ငံမှာရှေးအကျဆုံး စားသောက်ကုန်ထုတ်လုပ်မှုစနစ် တွေထဲမှာတစ်ခုအပါအဝင်ဖြစ်ပြီး ရိုးရာဓလေ့တစ်ခုမှ ခေတ်မီစက်မှုလုပ်ငန်းတစ်ခုအဖြစ် ကူးပြောင်း လာပြီး အရေးပါသော အသေးစားစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါသည်။ အသားခြောက်သည် ကြာရှည်ခံခြင်း၊ အာဟာရကြွယ်ဝခြင်း၊ အရသာကောင်းမွန်ခြင်းနှင့်သယ်ဆောင်ရလွယ်ကူခြင်းစတဲ့ အားသာချက်တွေကြောင့် နှစ်ပေါင်းများစွာကတည်းက အရေးပါတဲ့အစားအစာ အဖြစ်ရပ်တည် နေပါသည်။

      ရမည်းသင်းမြို့နယ်၌ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် သီးနှံမျိုးစုံစိုက်ပျိုးကြသည့်အပြင် တစ်ပိုင်တနိုင်မွေးမြူရေးလုပ်ငန်းများလည်းလုပ်ကိုင်ကြပြီး စိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသည့် ထုတ်ကုန်များအား တန်ဖိုးမြှင့်ထုတ်ကုန် MSME လုပ်ငန်းများလည်း ထုတ်လုပ်လျက်ရှိပါသည်။ ဒေသတွင်းမွေးမြူရေးလုပ်ငန်းများမှ နွားမွေးမြူရေးလုပ်ငန်းများအား တစ်ပိုင်တနိုင်လုပ်ကိုင်ကြပြီး ထွက်ရှိသောအသားများကို ဒေသတွင်းစားသုံးမှုအပြင် တန်ဖိုးမြင့် ထုတ်ကုန် အသားခြောက်လုပ်ငန်းများထုတ်လုပ်ရောင်းချလျက်ရှိကြောင်းသိရပါသည်။ 

       ရမည်းသင်းမြို့နယ်၌ ဒေသတွင်းနွားမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသော အမဲသားများကို တန်ဖိုးမြှင့်ထုတ်ကုန် အသားခြောက်လုပ်ငန်းများထုတ်လုပ်သည့် သျှီအသားခြောက်လုပ်ငန်း၊ ရွှေလက်ရာ အသားခြောက်လုပ်ငန်း၊ရသာမွန်အသားခြောက်လုပ်ငန်း၊လှရတီအသားခြောက်လုပ်ငန်း၊ ဖြူအသား ခြောက်လုပ်ငန်း၊ကျော်စွာအသားခြောက် လုပ်ငန်းစသည့်လုပ်ငန်းရှင်(၆)ဦီးမှ ထုတ်လုပ် ရောင်းချလျက်ရှိ ပါသည်။

          သျှီအသားခြောက်လုပ်ငန်းကို (၂၀၁၈)ခုနှစ်မှ စတင်လုပ်ငန်းဆောင်ရွက်ခဲ့ပြီး လိုအပ်သော ကုန်ကြမ်း ဒေသတွင်းလိုင်စင်ရသားသတ်လုပ်ငန်းများမှ ကုန်ကြမ်းဝယ်ယူထုတ်လုပ်လျက်ရှိ ကြောင်း၊အလုပ်သမား(၁၅)ဦီးဖြင့်လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း၊ အသားခြောက်ပြုလုပ်ရာ တွင်  ပထမဦီးစွာ အမဲသားများကို ဆား ၊ဂျင်း၊ အချိုမှုန့်၊ စားသောက်ကုန် များတွင်ထည့်သွင်း အသုံးပြုသည့် ပွဆေး အနည်းငယ်ဖြင့်ရောနယ်၍  နေလှန်းပြီး ညရောက်လျှင် မီးဖိုဖြင့်မီးကင်ပြီး ဒုတိယနေ့တွင် ထပ်မံ နေလှန်းကြောင်း၊ တတိယနေ့တွင်နေလှန်းပြီးအသားများအား ကြော်၍ အပူရှိန်မကျခင် မိုးကာကုန်း ဖြင့်အုပ်ထားသဖြင့်အနည်းငယ်ပျော့လာသည့်အခါ မော်တာဖြင့် ပြန်ကြိတ်၍ မီးကင်ပြီး အအေးခံကာ Packing ထုပ်ပိုးမှုပြုလုပ်ပါသည်။

ထုတ်လုပ်မှုအနေဖြင့် အမဲသားအစိုတစ်ပိဿာလျှင် (၂၆၀၀၀)ကျပ်ဖြင့်ဝယ်ယူရကြောင်း၊ အမဲသား အစိုကုန်ကြမ်းအချိန်ပိဿာ (၁၀၀)လျှင် အမဲသားခြောက် (အစိမ်း)(၄၀)ပိဿာခန့်ထွက်ရှိ ကြောင်း၊ အမဲသားအစိုပိဿာ(၂၀၀)လျှင်အမဲသားခြောက် (မီးကင်)(၄၀) ပိဿာခန့်ထွက်ရှိကြောင်း၊    အောက်တို ဘာလမှ ဧပြီလများအထိအရောင်းအဝယ် ကောင်း၍ တစ်လလျှင်ကုန်ကြမ်း (၂၀၀၀-၃၀၀၀)ပိဿာ အထိထုတ်လုပ်နိုင်ပြီး ကုန်ချော(၄၀၀-၆၀၀)ပိသာခန့်ထွက်ရှိကြောင်း၊ ကျန်ကာလများ တွင်အရောင်း အဝယ်အေးသဖြင့် တစ်လလျှင် ကုန်ကြမ်း (၁၂၀၀) ပိဿာခန့်သာထုတ်လုပ်နိုင်သဖြင့် ကုန်ချော (၂၄၀)ပိဿာထိ ထုတ်လုပ်နိုင်ကြောင်းသိရှိရပါသည်။

ဈေးကွက်အနေဖြင့် ထွက်ရှိသော ကုန်ချောများကို (၂၅) ကျပ်သား၊(၅၀)ကျပ်သား၊(၁)ပိဿာ ထုတ်များထုတ်၍ လက်လီရောင်းချခြင်း၊ လက်ကားအနေဖြင့် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီးမြို့များသို့ဖြန့်ဖြူး ရောင်းချလျက်ရှိပါတယ်။ ရန်ကုန်မြို့ရှိ စားသောက်ကုန်လုပ်ငန်းများမှ ၎င်းလုပ်ငန်းများ၏ အမှတ်တံဆိပ်ဖြင့် Packing ပြန်လည်ထုပ်ပိုး၍ ပြည်တွင်းဈေးကွက်အပြင် စင်္ကာပူ၊မလေးရှား၊ထိုင်းသို့တင်ပို့ရောင်းချကြပါသည်။ ဈေးနှုန်းအနေဖြင့် လက်လီ အမဲသားခြောက် (အစိမ်း) တစ်ပိဿာလျှင် (၁၀၀၀၀၀)ကျပ်၊ အမဲသားခြောက် (မီးကင်)တစိပ်ဿာ လျှင် (၁၈၀၀၀၀)ကျပ် ၊ လက်ကား အမဲသားခြောက် (အစိမ်း) တစ်ပိဿာလျှင် (၈၀၀၀၀)ကျပ်၊ အမဲသား ခြောက် (မီးကင်)တစိပ်ဿာလျှင်(၁၆၀၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

အသား‌ခြောက်လုပ်ငန်းများသည် ဒေသတွင်းမွေးမြူရေးထွက်ကုန်များကိုအခြေခံသည့် တန်ဖိုး မြှင့်ထုတ်ကုန် ထုတ်လုပ်သောလုပ်ငန်းဖြစ်၍ ဒေသတွင်းရှိ ပြည်သူများ အလုပ်အကိုင် အခွင့်လမ်းများ နှင့်အတူ ဝင်ငွေတိုးတက်ရရှိလာပြီး နိုင်ငံစီးပွားမြှင့်တင်ရာတွင်လည်း အဓိကကျသည့် အသေးစား၊ အငယ်စားနှင့်အလတ်စား  စီးပွားရေးလုပ်ငန်းများတွင် တစ်ထောင့်တစ်နေရာမှပါဝင်နေသဖြင့်  မွေးမြူရေးထွက်ကုန် တန်ဖိုးမြှင့်ထုတ်ကုန် အသားခြောက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း တင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)