
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့အတွင်း အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်မှုအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးရွှေဖြူ(ဒုတိယညွှန်ကြားရေးမှုး)သည် ၁၂.၉.၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ အိမ်ခြံမြေအကျိုးတော်ဆောင် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ လုပ်ငန်းရှင် (၃၂)ဦးအား အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် ပြည်နယ်ဦးစီးမှူး ဦးရွှေဖြူ(ဒုတိယညွှန်ကြားရေးမှုး)က စားသုံးသူ ကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စားသုံးသူ၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားရှိမှု အခြေအနေ၊ အွန်လိုင်းရောင်းချခြင်းလုပ်ငန်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အွန်လိုင်းမှဈေးဝယ်ယူရာတွင် တွေ့ရှိရသည့်အားသာချက်၊အားနည်းချက်များ၊ အွန်လိုင်းမှလိမ်လည်မှု ပုံစံ(၂)မျိုး၊ စားသုံးသူများအနေဖြင့် အွန်လိုင်းမှတဆင့် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုကို ဝယ်ယူ ရာ တွင် စိစစ်သင့်သည့် အချက်အလက်များ၊ မှတ်ပုံတင်ထားသော အွန်လိုင်းရောင်းချမှု လုပ်ငန်းများ မှဈေးဝယ်ယူခြင်းဖြင့် ရရှိလာမည့်အကျိုးရလာဒ်များ၊ စားသုံးသူများအနေဖြင့် ကုန်စည်/ ဝန်ဆောင်မှုများ ကို ဝယ်ယူရာ ၌ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နေရာများ၊ တိုင်ကြားမှုများအပေါ် စားသုံးသူ ရေးရာဦးစီးဌာနမှ ဆောင်ရွက်ပေးမည့် အခြေအနေများ၊ တရားမဝင် တင်သွင်းလာသည့် ကုန်ပစ္စည်းများအားOnline မှတဆင့်ဝယ်ယူခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာဝယ်ယူရန်နှင့် အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။
DOCA(ရှမ်း)