Main menu

ကမ္ဘောဒီးယား၏ ခရီးသွားကဏ္ဍကို ပိုမိုကောင်းမွန်လာစေရန် ပျံသန်းမှုများ တိုးချဲ့လုပ်ဆောင်ရန် စီစဉ်ထား

Powered by Drupal

          ခရီးသွားကဏ္ဍအတွက် တွန်းအားတစ်ခုအနေဖြင့် ကမ္ဘောဒီးယားသည် ၂၀၂၅ ခုနှစ်အတွင်း လေကြောင်းခရီးစဉ်ပေါင်း ၃၁,၅၇၉ ခု ပျံသန်းဝန်ဆောင်မှုပေးခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ပျံသန်းမှု ၂၇,၆၃၈ ခုမှ ၁၄.၂ ရာခိုင်နှုန်း တိုးလာမည်ဟု လေကြောင်း ပိုင်းခြားစိတ်ဖြာမှု ဝန်ဆောင်မှုပေးသူ Cirium ၏ ပြောကြားချက်အရ သိရသည်။ နိုင်ငံအတွင်း လေကြောင်းခရီးဖြင့် လာရောက် လည်ပတ်သူ ခရီးသွားများသည် ၂၀၂၅ တွင် ၅,၁၈၂,၈၆၄ ဦးသို့ရောက်ရှိရန်ခန့်မှန်းထားပြီး ၂၀၂၄ ခုနှစ်တွင် ၄,၅၁၇,၃၉၇ ဦးမှ ၁၄.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ရာ ၂၀၂၆ ခုနှစ် ပထမ သုံးလပတ်အတွက် အလားတူတိုးတက်မှုလမ်းကြောင်းရရှိရန် မျှော်မှန်းထားကြောင်း Cirium မှ ပြောကြားခဲ့သည်။

        ခရီးသွားကဏ္ဍ၏ ကြီးထွားလာသောအရှိန်အဟုန်ကို ဖနွမ်းပင်မြို့ရှိ Techo အပြည်ပြည်ဆိုင်ရာလေဆိပ်အသစ်နှင့် Siem Reap-Angkor အပြည်ပြည်ဆိုင်ရာလေဆိပ်တို့က ပံ့ပိုးပေးထားပြီး ကမ္ဘောဒီးယားနိုင်ငံ၏ လေကြောင်းစွမ်းရည်နှင့် ချိတ်ဆက်မှုအား ပြန်လည် အဓိပ္ပာယ်ဖွင့်ဆိုလျက်ရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။ လေဆိပ်နှစ်ခုစလုံးသည် နှစ်စဉ် သန်းနှင့်ချီသော ခရီးသည်များကို ဝန်ဆောင်မှုများပေးရန် ဒီဇိုင်းထုတ်ထားပြီး လျင်မြန်စွာ တိုးချဲ့နေသော ခရီးသွားလုပ်ငန်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန် ကမ္ဘာ့အဆင့်မီ အခြေခံ အဆောက်အအုံများ ပံ့ပိုးပေးထားသည်။ သမိုင်းမှတ်တိုင်သစ်တစ်ခုအဖြစ် ယခုနှစ်တွင် အရှေ့အလယ်ပိုင်းလေကြောင်းလိုင်းများဖြစ်သည့် Emirates၊ Turkish Airlines နှင့် Etihad Airways တို့က ကမ္ဘောဒီးယားသို့ လမ်းကြောင်းသစ်များ စတင်ဝင်ရောက်လာကြောင်း ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ (CTB) မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကမ္ဘောဒီးယားခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ (CTB) ၏ အမှုဆောင်အရာရှိချုပ် Kim Minea က လေကြောင်း ကဏ္ဍတွင် အားကောင်းလာသည်နှင့်အမျှ ကမ္ဘောဒီးယားနိုင်ငံသို့ ကမ္ဘာအဆင့်မီ လေကြောင်းလိုင်းအသစ်များရောက်ရှိလာနိုင်ပြီး နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံထားသော လေကြောင်းလိုင်းများ၏ ယုံကြည်မှု၊ ခရီးသွားလုပ်ငန်း ဆက်လက်ကြီးထွားလာမှုအပေါ် ယုံကြည်မှုနှင့် ကမ္ဘောဒီးယားနိုင်ငံသို့ လာရောက်လည်ပတ်သော ခရီးသွားများ၏ ယုံကြည်မှုများ အားကောင်းလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။  ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ (၆) လအတွင်း နိုင်ငံတကာခရီးသွားဧည့်သည် ၃.၃၆ သန်းကို လာရောက်လည်ပတ်ခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၆.၂ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း ခရီးသွား လာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ MoT ၏ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ နိုင်ငံတကာခရီးသည် ၁.၄၂ သန်းကျော်သည် ဖနွမ်းပင် အပြည်ပြည် ဆိုင်ရာ လေဆိပ်၊ Siem Reap Angkor အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် Sihanoukville အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့မှတဆင့် လေကြောင်းနှင့် ရောက်ရှိလာခဲ့ပြီး ၁.၉၃ သန်းကျော် ကုန်းကြောင်းနှင့် ရေကြောင်းဖြင့် ရောက်ရှိလာခဲ့သည်။ Source: Khmer Times               

DOCA (ရန်ကုန်)