Main menu

၂၀၂၅ ခုနှစ် ပထမ ၉ လအတွင်း ကမ္ဘောဒီးယား၏ ဆန်တင်ပို့မှု ၃၃.၇ ရာခိုင်နှုန်း တိုးတက်

Powered by Drupal

       ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ၉ လအတွင်း ကြိတ်ခွဲပြီးဆန် ၅၉၆၃၄၁ တန် ခန့် တင်ပို့ခဲ့ပြီး ယခင်နှစ် ကာလတူအတွင်း တင်ပို့ခဲ့သော ကြိတ်ခွဲပြီးဆန် ၄၄၅၉၁၃ တန်နှင့် နှိုင်း ယှဉ်ပါက ၃၃.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ၁၀-၁၀-၂၀၂၅ ရက်နေ့တွင် ထုတ်ဝေခဲ့သော ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ် (CRF) ၏ အစီရင်ခံစာအရ သိရသည်။

          အဆိုပါ ကာလအတွင်း ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၀၈ သန်း ဝင်ငွေရရှိခဲ့ပြီး ယခင်နှစ် အလားတူကာလ၌ ရရှိခဲ့သော ဆန်တင်ပို့မှုဝင်ငွေ အမေရိကန်ဒေါ်လာ ၃၃၅ သန်းနှင့် နှိုင်းယှဉ်ပါက ၂၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊  တင်ပို့သည့် ကြိတ်ခွဲပြီးဆန်အမျိုးအစားများတွင် ဆန်မွှေး၊ ဆန်လုံးရှည်၊ ပေါင်းဆန်နှင့် အော်ဂဲနစ်ဆန်တို့ပါဝင်ကြောင်း၊ ဆန်မွှေးသည် စုစုပေါင်း ဆန်တင်ပို့မှု၏ ၆၈.၈၁ ရာခိုင်နှုန်းအထိ ရှိကြောင်း CRF ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

          ကမ္ဘောဒီးယားဆန်ကို နိုင်ငံနှင့် ဒေသပေါင်း ၆၉ ခုသို့ တင်ပို့ခဲ့ကြောင်း၊ အဓိကဈေးကွက် ဖြစ်သော ဥရောပသမဂ္ဂရှိ နိုင်ငံများသို့ ကြိတ်ခွဲပြီးဆန် တန်ချိန် ၂၄၈၂၇၇ တင်ပို့ခဲ့ရာ စုစုပေါင်း တင်ပို့မှု၏ ၄၁ ရာခိုင်နှုန်းခန့် ရှိပြီး အမေရိကန်ဒေါ်လာ ၁၉၂ သန်း ဝင်ငွေရရှိခဲ့ကြောင်း သိရှိရသည်။

          ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံနှင့် ၎င်း၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများသို့ ဆန် တန်ချိန် ၁၄၃၁၈၇ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၅ သန်း ဝင်ငွေရရှိခဲ့ကြောင်း၊ အခြား ဈေးကွက်များမှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသရှိ အခြား နိုင်ငံ ၃၂ နိုင်ငံ ဖြစ်ကြောင်း အစီရင်ခံစာအရ သိရသည်။ CRF အသင်းချုပ် ဥက္ကဋ္ဌ Lay Chhun Hour က မကြာသေးမီက ဆန်တင်ပို့မှု တိုးတက်လာခြင်းမှာ ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ၎င်းတို့အနေဖြင့် ကမ္ဘောဒီးယားဆန်၏ အမှတ်တံဆိပ်ကို တက်ကြွစွာဖြင့် အရောင်းမြှင့်တင် ခြင်းနှင့် ဈေးကွက်ရရှိမှုကို ချဲ့ထွင်လျက်ရှိခြင်းတို့ကြောင့် တင်ပို့မည့်ဆန်ပမာဏနှင့် တန်ဖိုး နှစ်ရပ် လုံးတွင် သိသိသာသာ တိုးတက်မှုရရှိခဲ့ကြောင်း၊ CRF အဖွဲ့ဝင်များသည် ကမ္ဘောဒီးယားဆန်ကို နိုင်ငံတကာဈေးကွက်များသို့ ပိုမိုရောင်းချနိုင်ရန် အစိုးရဝန်ကြီးဌာနများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း CRF အသင်းချုပ် ဥက္ကဋ္ဌက Khmer Times သတင်းစာသို့ ပြော ကြားခဲ့သည်။

          ထို့အပြင် ကမ္ဘောဒီးယားနိုင်ငံသည် အထက်ဖော်ပြပါ ကာလအတွင်း စပါးတန်ချိန် ၅.၂၄ သန်းခန့်ကို နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် တင်ပို့ခဲ့ရာ အမေရိကန်ဒေါ်လာ ၁၂၀၉ သန်းခန့် ဝင်ငွေရရှိခဲ့ကြောင်း၊  ကမ္ဘောဒီးယားသည် ဆန်ကို စီးပွားရေး၏ အခြေခံအုတ်မြစ်အဖြစ် ထားရှိကာ စိုက်ပျိုးရေးထွက်ကုန် တင်ပို့မှုများ မြှင့်တင်ရန် တက်ကြွစွာ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ သည်။

          ကမ္ဘောဒီးယားတော်ဝင်အစိုးရသည် နိုင်ငံတကာဈေးကွက်များသို့ တိုက်ရိုက်တင်ပို့မှုများ မြှင့်တင်နိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာ အားကောင်းစေရန် CRF ကို တိုက်တွန်းခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံသည် အမေရိကန်ဒေါ်လာ ၄၉၁ သန်း တန်ဖိုးရှိသော ကြိတ်ခွဲပြီးဆန် ၆၅၁၅၂၂ တန်ကျော်ကို တင်ပို့ခဲ့ ကြောင်း သိရှိရသည်။

Source: Khmer Times, October 13, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)