Main menu

၂၀၃၀-၃၁ ခုနှစ်၌ ပဲမျိုးစုံ တန်ချိန် ၃၅ သန်းအထိ ထုတ်လုပ်ရန် အိန္ဒိယ ရည်မှန်း

Powered by Drupal

     အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုမှာ လက်ရှိကာလ၌ တန်ချိန် ၂၅ သန်းခန့်ရှိရာမှ ၂၀၃၀-၃၁ သီးနှံရာသီနှစ် (ဇူလိုင်-ဇွန်) အရောက်တွင် ၄၀ ရာခိုင်နှုန်း တိုးတက်လျက် တန်ချိန် ၃၅ သန်းအထိ တိုးမြှင့်ထုတ်လုပ်နိုင်ရန် အစိုးရက ရည်မှန်းချက် ချမှတ်ထားသည်။ အောက်တိုဘာ ၉ ရက်နေ့၌ နယူး‌ဒေလီမြို့တွင် ကျင်းပခဲ့သော အစိုးရ သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ စိုက်ပျိုးရေး ဝန်ကြီး Shivraj Singh Chouhan က ရှေ့လာမည့် ၆ နှစ်တာ ကာလအတွင်း စိုက်ပျိုးဧရိယာနှင့် အထွက်နှုန်း မြှင့်တင်ခြင်းဖြင့် ပဲမျိုးစုံ ထုတ်လုပ်မှုကို တိုးမြှင့်မည်ဟု ပြောကြားခဲ့သည်။

    အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Narendra Modi သည် နယူး‌ဒေလီမြို့တွင် အောက်တိုဘာ ၁၁ ရက်နေ့၌ ကျင်းပသော ကိုယ်ပိုင်ထုတ်လုပ်နိုင်စွမ်းဖြင့် ပဲမျိုးစုံ ဖူလုံမှုရရှိရေး အထူးလုပ်ငန်းတာဝန် (Self-Reliance in Pulses Mission) နှင့် လယ်သမားများသို့ ငွေကြေးနှင့် အထောက်အပံ့ပေးအပ်မှု အစီအစဉ် (PM Dhan-Dhaanya Krishi Yojana) စတင်သည့် အခမ်းအနားကို တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါ အထူးလုပ်ငန်းတာဝန်သည် ၂၀၃၀-၃၁ သီးနှံရာသီနှစ်အရောက်တွင် လက်ရှိ ပဲမျိုးစုံစိုက်ပျိုး ဧရိယာ ဟက်တာ ၂၇.၅ သန်းမှ ဟက်တာ ၃၁ သန်းသို့လည်းကောင်း၊ ပဲမျိုးစုံအထွက်နှုန်းကို ၁ ဟက်တာလျှင် ၈၈၀ ကီလိုဂရမ် ရှိရာမှ ၁ ဟက်တာလျှင် ၁၁၃၀ ကီလို ဂရမ်နှုန်းသို့ လည်းကောင်း တိုးမြှင့်ရန် ရည်ရွယ်ထားသည်။

    ဝန်ကြီး Mr. Chouhan က အိန္ဒိယသည် ကမ္ဘာ့ပဲမျိုးစုံ ထုတ်လုပ်မှုနှင့် စားသုံးမှု အများဆုံး နိုင်ငံ ဖြစ်သော်လည်း ပြည်ပမှတင်သွင်းမှုအပေါ် ကြီးမားစွာ အမှီပြုနေရဆဲဖြစ်ကြောင်း၊ အဆိုပါ ရည်မှန်းချက်ကို ရောက်ရှိအောင်မြင်စေရေးအတွက် ခိုင်မာသော သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာတစ်ရပ်ကို ချမှတ် ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ အထွက်နှုန်းမြင့်မားပြီး ရောဂါပိုးမွှား နှင့် ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိသော သီးနှံမျိုးကွဲများ တိုးတက်ထူထောင်ခြင်းကို အလေးပေး လုပ်ဆောင်မည်ဖြစ်ပြီး လယ်သမားများထံသို့ ၎င်းမျိုးစေ့များ အချိန်မီဖြန့်ဝေပေးသွားမည်ဖြစ် ကြောင်း၊ အစိုးရ အနေဖြင့် စီးပွားဖြစ် မျိုးသန့်မျိုးစေ့ (certified seeds) မက်ထရစ်တန်ပေါင်း ၁.၂၆ သန်းနှင့် မျိုးစေ့နှင့် အခမဲ့ မျိုးစေ့ထုပ်ပေါင်း ၈.၈ သန်းကို တောင်သူလယ်သမားများထံ ဖြန့်ဖြူးပေး မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    လယ်သမားများသို့ ငွေကြေးနှင့် အထောက်အပံ့ပေးအပ်မှု အစီအစဉ်ကို စိုက်ပျိုးထုတ် လုပ်နိုင်စွမ်း နည်းပါးသည့် ခရိုင်ပေါင်း ၁၀၀ တွင် ဆည်ရေပေးဝေမှု၊ သီးနှံသိုလှောင်မှု၊ သီးနှံမျိုးစုံ ဖြန့်ကျက်စိုက်ပျိုးမှုနှင့် ချေးငွေရရှိရေး တိုးမြှင့်မှုများဖြင့် အလေးပေးဆောင်ရွက်မည်ဖြစ်သည်။ အစိုးရအနေဖြင့် တီထွင်ဆန်းသစ်မှုများ၊ အရည်အသွေးကောင်း သွင်းအားစုများနှင့် ဦးတည်ချက် ထားရှိသည့် အထောက်အပံ့များကို တိုးမြှင့်လုပ်ဆောင်ခြင်းဖြင့် စားနပ်ရိက္ခာဖူလုံရေး၊ လယ်သမား များ၏ ဝင်ငွေကောင်းမွန်ရေးနှင့် အာဟာရပြည့်ဝသော ကောက်ပဲသီးနှံများ ထုတ်လုပ်မှုမြှင့်တင် ရေးတို့ကို သေချာခိုင်မာစေရန် မျှော်မှန်းထားကြောင်း Mr. Chouhan က ပြောကြားခဲ့သည်။

Source: Informist, 9 October 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)