Main menu

ကမ္ဘောဒီးယားနိုင်ငံသည် ကမ္ဘောဒီးယားထုတ်ကုန်များ တင်သွင်းမှုကို မြှင့်တင်ရန် တရုတ်နိုင်ငံကို တောင်းဆို

Powered by Drupal

     ကမ္ဘောဒီးယားနိုင်ငံ၊ ဝန်ကြီးများကောင်စီရုံးတာဝန်ခံ၀န်ကြီး Vongsey Vissoth သည် တရုတ်နိုင်ငံ၊ Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး Wei Tao နှင့် ၁၇-၉-၂၀၂၅ ရက်နွေ့တွင် တွေ့ဆုံခဲ့ပြီး ကမ္ဘောဒီးယားမှ တင်သွင်းကုန်များ အထူးသဖြင့် စိုက်ပျိုးရေး ထွက်ကုန်များကို တိုးမြှင့်ပေးရန် တရုတ်အရာရှိများအား တောင်းဆိုခဲ့သည်။ တရုတ်နိုင်ငံ၊ Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Nanning မြို့တွင် (၂၂)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ Vissoth တက်ရောက်နေစဉ်အတွင်း ယခုကဲ့သို့ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ်အတွင်း Vissoth က ၂၀၂၄ ခုနှစ်တွင် ကန်ဒေါ်လာ ၁၅.၁၈၉ ဘီလီယံကျော်ရောက်ရှိခဲ့သော ကမ္ဘောဒီးယားနှင့်တရုတ်ကြား ကုန်သွယ်မှုများ ဆက်လက် ကြီးထွားလာသည်ကို တွေ့မြင်ရသည့်အတွက် ဝမ်းမြောက်မိကြောင်း၊ ၎င်းတွင် Guangxi နှင့် ကမ္ဘောဒီးယားကြား ကုန်သွယ်မှုမှာ အကြမ်းဖျင်းအားဖြင့် ကန်ဒေါ် လာ ၁ ဘီလီယံ ရှိကြောင်း၊ သို့သော်လည်း တရုတ်နိုင်ငံမှ ကမ္ဘောဒီးယားသို့တင်ပို့မှုသည် ကမ္ဘောဒီးယားမှ တရုတ်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက အနည်းငယ်သာရှိသေးကြောင်း ၎င်းက ထောက်ပြခဲ့သည်။ ယင်းနှင့် ပတ်သက်၍ Vongsey Vissoth က ကမ္ဘောဒီးယား လယ်ယာထွက်ကုန်များ တင်သွင်းမှု တိုးမြှင့်ရန်၊ သီဟိုဠ်စေ့နှင့် ပီလောပီနံ စိုက်ပျိုးထုတ်လုပ်ရေး၊ တိရစ္ဆာန်အစာ ထုတ်လုပ်ရေးနှင့် အသား၊ ငါးနှင့် စားသောက်ကုန် လုပ်ငန်းစသည့် အဓိက ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန် တိုက်တွန်းထားသည်။  ထိုသို့သော ရင်းနှီးမြှုပ်နှံမှုများသည် ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်း ပေးရုံသာမက တရုတ်နိုင်ငံသို့ တင်ပို့မှုကိုလည်း အားကောင်းစေမည်ဖြစ်ကြောင်း Vissoth က အလေးပေးပြောကြားခဲ့သည်။

Source: Khmer Times   

DOCA (ရန်ကုန်)