ပဲခူးတိုင်း(အနောက်) နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် မိုးစပါးစိုက်တောင်သူများ ဩဂုတ်လ တတိယပတ်မှစတင်ပြီး ရိတ်သိမ်းလျက်ရှိပါသည်။ ဇီးကုန်းမြို့နယ်တွင်မိုးစပါးစိုက်ဧက (၄၈၀၇၇)စိုက်ပျိုးပြီး မျိုးစပါးကွဲအလိုက် ရတနာတိုး၊ မှော်ဘီ၊ နှံကောက်၊ ဗီယမ်နမ်မျိုးများကို အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။
မိုးစပါးစိုက်ပျိုးမှုအား ဇွန်လ ပထမပတ်မှစတင်စိုက်ပျိုးပြီး သက်လတ် ရက်(၉၀)မှ ရက် (၁၀၀)မျိုး များအား စက်တင်ဘာလ ပထမပတ်တွင် စတင်ရိတ်သိမ်းနေကြပြီး တစ်ဧက အထွက်နှုန်းမှာ ကုန်းပိုင်း၌ (၆၅-၇၀)တင်းခန့်နှင့် အဝန်းပိုင်း ရေတော်မိုးတော် စိုက်ဧကများ၌ (၁၀၀-၁၂၀)တင်း ထွက်ရှိကြောင်းသိရပါသည်။ မိုးစပါး တစ်ဧကကုန်ကျစရိတ်အနေဖြင့် မိုးစပါးကြဲခင်း ထယ်ထိုး၊ ထွန်မွှေခ (၄၀၀၀၀)ကျပ်၊ မြက်ကောက်ခ (၅၀၀၀ )ကျပ်၊ ပျိုးကြဲခ (၆၀၀၀)ကျပ်၊ ကန်သင်းမြက်ရှင်းခနှင့် ကောက်ပင်ဖာခ (၃၀၀၀၀)ကျပ်၊ ပိုးသတ်ဆေး ၊မြက်သတ်ဆေး၊ ဓာတ်မြေဩဇာ(ပုလဲ) (ကွန်ပေါင်း) ဆေးဘိုးနှင့် ဆေးဖျန်းလုပ်သားခ (၃၂၀၀၀၀)ကျပ်၊ စပါးမျိုး ၂တင်း (၅၀၀၀၀)ကျပ်၊ စပါးရိတ်ခြွေစက်ခ တစ်ဧက (၁၃၀၀၀၀)ကျပ်၊ ရိတ်ခြွေပြီး စပါးများကို လူဖြင့်သယ်ယူခ အနေဖြင့် အနီးအဝေးပေါ်မှုတည်၍ စပါးတစ်တင်း(၁၅၀၀ကျပ်မှ ၁၇၀၀ကျပ်)ရှိသဖြင့် မိုးစပါးတစ်ဧက စိုက်ပျိုးစရိတ် ကုန်ကျမှုအနေဖြင့် စုစုပေါင်း (၆၈၁၀၀၀)ကျပ်ခန့်ရှိပါသည်။ ၂၀၂၅ခု၊ စက်တင်ဘာလ ဒုတိယပတ်အထိ မိုးစပါးဈေးနှုန်းမှာ ကွင်းပေါက်ဈေး အစိုဓာတ်၂၁%နှင့် တစ်တင်းလျှင် ပေါင်(၅၀)ဖြင့် စပါးတင်း(၁၀၀) ငွေကျပ် (၉၅၀၀၀၀-ကျပ်မှ ၁၀၀၀၀၀၀-ကျပ်)နှုန်းရှိကြောင်း သိရပါသည်။
မိုးစပါး စိုက်တောင်သူ အများစုမှာ တစ်ဧက (၇၀)တင်းအောက် ထွက်ရှိပါက အရှုံးရှိပြီး၊ (၁၀၀)တင်းနှင့် အထက်ထွက်ရှိပါက (၂၅၀၀၀၀-ကျပ်မှ ၃၀၀၀၀၀-ကျပ်)အမြတ်ရရှိနိုင်ပါကြောင်း၊ ပျိုးထောင် စိုက်ပျိုးမည်ဆိုပါက ပျိုးထောင်ခ၊ ပျိုးနှုတ်ခ၊ ကောက်စိုက်ခ၊ ကောက်ပင်ဖာခ၊ မြက်နုတ်ခ၊ တမန်းပြင်ခများ ပိုမိုကုန်ကျစရိတ်များရှိ၍ တစ်ဧက ကုန်ကျစရိတ် ငွေကျပ် (၈၉၀၀၀၀)ခန့်ရှိသဖြင့် အကျိုးအမြတ်နည်းပြီး ပျမ်းမျှ စိုက်ဧကအရ တောင်သူများ မှာယခင်နှစ်များ ထက်စာလျှင် အရှုံးဘက်တွင်ရှိနေ၍ အကျိုးအမြတ်မရှိကြောင်း မိုးစပါးစိုက်တောင်သူများထံမှ သိရပါသည်။
DOCA(ပဲခူး)