အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် ၂၀၂၆ ခုနှစ်တွင် အကောင်အထည်ဖော်ရန် ရည်မှန်းထားသည့် စားအုန်းဆီအချိုး ၅၀ ရာခိုင်နှုန်း ပါဝင်သော ဇီဝလောင်စာ (B50) ထုတ်လုပ်မှု အစီအစဉ်ကို စတင် နိုင်ရေးအတွက် ဓာတ်ခွဲခန်းစမ်းသပ်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြင့် နောက်ထပ်အဆင့်တစ်ရပ်ကို တက်လှမ်းနိုင်ခဲ့သည်ဟု စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာလ ၇ ရက် (အင်္ဂါနေ့)တွင် ပြောကြားခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြပါသည်။
အင်ဒိုနီးရှားနိုင်ငံသည် လက်ရှိအချိန်တွင် စားအုန်းဆီ အချိုး ၄၀ ရာခိုင်နှုန်း ပါဝင်ရောစပ် ထားသည့် B40 အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော်လည်း ရုပ်ကြွင်း လောင်စာဆီများ တင်သွင်းမှုအပေါ် မှီခိုအားထားနေရမှုကို လျှော့ချနိုင်ရန်ရည်ရွယ်၍ B50 အစီ အစဉ်ကို တိုးမြှင့်ထုတ်လုပ်လိုခြင်းဖြစ်သည်။
ဓာတ်ခွဲခန်းစမ်းသပ်မှုများတွင် စားအုန်းဆီ ၅၀ ရာခိုင်နှုန်း ရောစပ်ပါဝင်သော B50 ဇီဝ ဒီဇယ်ဖြင့် အင်ဂျင်စက်လည်ပတ်ခြင်း ပါဝင်ခဲ့ပြီး ထိုသို့စမ်းသပ်မှုကို သြဂုတ်လတွင် အပြီးသတ် ဆောင်ရွက်နိုင်ခဲ့သည်။ စမ်းသပ်အသုံးပြုမှုရလဒ်များအပေါ် အခြေခံလျက် ၎င်းတို့အနေဖြင့် ယခု အခါ လမ်းများပေါ်တွင် စမ်းသပ်မောင်းနှင်မှုများကို လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ဒီဇယ် ဆီအသုံးပြုသော မော်တော်ယာဉ် မဟုတ်သည့် စက်ယန္တရားများတွင် စမ်းသပ်အသုံးပြုမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လမ်းများတွင် စမ်းသပ်မောင်းနှင်အသုံးပြုမည့် အချိန်ကို မဆုံးဖြတ်ရသေးကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ဇီဝစွမ်းအင်ဆိုင်ရာ ဒါရိုက်တာ Mr. Edi Wibowo က Reuters သို့ ပြောကြားခဲ့သည်။
အင်ဒိုနီးရှားအစိုးရအနေဖြင့် B50 အစီစဉ်ကို ၂၀၂၆ ခုနှစ်တွင် အကောင်အထည်ဖော်ရန် ရည်မှန်းထားသော်လည်း ဇန်နဝါရီလတွင် စတင်ဆောင်ရွက်နိုင်ဖွယ် မရှိဟု စွမ်းအင်ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက သြဂုတ်လတွင် ပြောကြားထားခဲ့သည်။
အင်ဒိုနီးရှား စွမ်းအင်ဝန်ကြီးဌာန၏ အချက်အလက်များအရ B50 အစီအစဉ်ကို ချမှတ် ကျင့်သုံးရာ၌ ပုံမှန်ရေနံထွက် ဒီဇယ်ဆီနှင့် ရောစပ်အသုံးပြုရန်အတွက် တစ်နှစ်လျှင် စားအုန်းဆီ အခြေခံ ဇီဝလောင်စာဆီ ကီလိုလီတာပေါင်း ၂၀.၁ သန်း လိုအပ်မည်ဖြစ်ကြောင်း၊ လက်ရှိ B40 အစီအစဉ်အတွက် တစ်နှစ်လျှင် စားအုန်းဆီ ကီလိုလီတာပေါင်း ၁၅.၆ သန်း အသုံးပြုလျက်ရှိ ကြောင်း Reuters သတင်းဌာန၏ ဖော်ပြချက်များကို တင်ပြအပ်ပါသည်။
Source: Reuters, October 7th 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)