
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်ဈေးကွက်တွင် အခြားသစ်သီးဝလံများ များစွာရောင်းချသည့်အထဲမှ ရဲယိုသီးများလည်း ရောင်းချနေကြောင်း တွေ့ရှိရပါသည်။ မြန်မာနိုင်ငံတွင် ရဲယိုပင်များကို နေရာအနှံ့တွင် ကျယ်ပြန့်စွာပေါက်ရောက်ကြောင်းသိရသည်။ ရဲယိုသီးများသည် အသီးပုံစံအနေနှင့်လည်း ရုပ်ဆိုးတဲ့အပြင် အနံ့အရသာကလည်း အတော်လေး နှစ်လိုဖွယ်မရှိသော အသီးမျိုးဖြစ်ပါသည်။ “လှတာမက်ရင် ညစာခက်မည်” ဆိုတဲ့ စကားအရ ပုံစံခပ်ဆိုဆိုးရှိတဲ့ ရဲယိုသီးဟာ ကျန်းမာရေးအတွက်တော့ များစွာအထောက်အကူပြုကြောင်း သိရှိရပါသည်။ ရဲယိုပင်တွင် အပွင့်၊ အသီး၊ အရွက်၊ အခက်၊ ပင်စည်၊ အခေါက်၊ အမြစ်မကျန် တစ်ပင်လုံး ဆေးဖက်ဝင် အပင်ဖြစ်ကြောင်း သိရှိရပါသည်။
ရဲယိုသီးကို ကျန်းမာရေးအတွက် စားချင်သော်လည်း ရဲယိုသီးရဲ့ အနံ့အရသာကြောင့် မစားနိုင်မှာ စိုးရိမ်နေသူ များအတွက် ရဲယိုသီးကို ထန်းလျက်နဲ့သော်လည်းကောင်း၊ ပျားရည်နဲ့သော်လည်းကောင်းရောပြီး ယိုထိုးကာ စားသုံး နိုင်ပါတယ်။ ယခုလို ခေတ်မီတိုးတက်လာသောကြောင့် ရဲယိုသီးကို အသုံးပြုပြီး ဖေါ်စပ်ထားသော အဝင်မဆိုးသည့် ဆေးဝါးဓါတ်စာများလည်း ပေါ်နေပြီဖြစ်တဲ့အတွက် ထိုဆေးဝါးဓါတ်စာများကို စားသုံးပါကလည်း ရဲယိုသီးကို စားသလို အကျိုးများစေကြောင်းသိရှိရပါသည်။ ပြည်ဈေးကွက်တွင်း ရောင်းချနေသော ရဲယိုသီးဈေးနှုန်းများမှာ ရဲယိုသီးအလုံးကြီး တစ်လုံးလျှင် (၃၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၂၀၀)ကျပ်ဖြင့်ရောင်းချနေကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)