Main menu

တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ဖွင့်လှစ်

Powered by Drupal

  ပုသိမ်  စက်တင်ဘာ  ၁၇ ရက်နေ့တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်း သား အားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊  အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင် ကျောင်းသား ၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။

   ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂ဝ၂၅- ၂ဝ၂၆ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီးအဆင့် အခြေခံ ပညာကျောင်းသား အားကစားပွဲတော်ကို ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ  အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄)ရပ်ကို အပြည့်အဝ အထောက်အကူဖြစ်စေရန်၊ကျောင်းတွင်း အားကစားပြိုင်ပွဲမှတစ်ဆင့် နိုင်ငံ့ကိုယ်စားပြု အားကစားသမားများအဖြစ် လေ့ကျင့်ပြုစုပေးနိုင်ရန် ၊ အားကစားစိတ်ဓာတ်ကိုအရင်းခံ၍ အချင်းချင်းချစ်ခင်ရင်းနှီးမှု၊ ဇွဲရှိမှု၊ သည်းခံမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ အသင်း အဖွဲ့စိတ်ဓာတ်ရှိမှု၊ စည်းကမ်းဥပဒေနှင့် နည်းဥပဒေများကို လေးစားလိုက်နာမှု၊ ယဉ်ကျေးသိမ်မွေ့မှုနှင့် နိုင်ငံ့သားကောင်းများ ဖြစ်မှုစသည့် ကောင်းမြတ်သော အရည်အသွေးကောင်းများရရှိလာစေရန်၊ တိုင်းဒေသကြီးအဆင့် အခြေခံပညာကျောင်းသား အားကစား ပွဲတော်မှ ထွက်ပေါ်လာမည့် ထူးချွန်အားကစားသမားများအား (၁၄)ကြိမ်မြောက် အရှေ့တောင်အာရှ ကျောင်းသားအားကစား ပွဲတော်အတွက် အကောင်းဆုံး အားကစားသမားများ ရွေးချယ်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ရွေးချယ်ခံနိုင်ရန် ဖြစ်ပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့်  ၂၀၂၅-၂ဝ၂၆ ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသား အားကစားပွဲတော်ကို ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ အားကစားသမား အချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် ယှဉ်ပြိုင်ကစား နိုင်ရေး၊ ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွန်းလာစေရန်၊  ယခုပြိုင်ပွဲမှတစ်ဆင့် မိမိတို့ခရိုင် ၊ မိမိတို့တိုင်းဒေသကြီး၏ဂုဏ်ကို ဆောင်နိုင်ပြီး တိုင်းဒေသကြီး အဆင့် အခြေခံပညာကျောင်းသား အားကစားပွဲတော်တွင် သတ်မှတ် စံချိန်ပြည့်မီအောင် ကြိုးစားဆောင်ရွက်ပြီး တိုင်းဒေသကြီးဂုဏ်ကို ဆောင်မည့် (၁၄)ကြိမ်မြောက် အရှေ့တောင်အာရှကျောင်းသားအားကစား ပွဲတော်မှာ ပါဝင်ယှဉ်ပြိုင်နိုင်အောင် ကြိုးစားဆောင်ရွက်ကြရန်နှင့် ကျန်းမာ ပျော်ရွင်မှုရှိမှသာ အားကစားကို အောင်မြင်အောင် ကြိုးစားဆောင်ရွက် နိုင်မှာဖြစ်သည့့်အတွက် အုပ်ချုပ်သူများ၊ နည်းပြများ၊ တာဝန်ရှိသူအားလုံးက ပြိုင်ပွဲဝင် ကစားသမားများ၏ ကျန်းမာရေး ကောင်းမွန်စေရေး၊ ဘေးကင်းလုံခြုံမှု ရှိစေရေးတို့အတွက် အထူးအလေးထား ဆောင်ရွက်ကြရန်လိုပါကြောင်း တိုက်တွန်းအမှာစကားများပြောကြားပြီး ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသား အားကစားပွဲ တော်ကိုဖွင့်လှစ်ပေးကာ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားပွဲတော်အတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

   ဆက်လက်၍  စစ်ကြောင်းမှူးဦးဆောင်သည့် အားကစားအဖွဲ့များက တိုင်းဒေသကြီးဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄)ချက်အား ရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီးနောက် ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှ ပြန်လည် ထွက်ခွာခဲ့ကြသည်။ ယင်းနောက် တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ကျောင်းသူလေးများ၏ကပြဖျော်ဖြေမှုများနှင့် အမျိုးသားဘောလုံးပြိုင်ပွဲ ပထမအုပ်စုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသည့် ပုသိမ်ခရိုင်အသင်းနှင့် ဟင်္သာတခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

   ယခုနှစ် တိုင်းဒေသကြီးအဆင့် အခြေခံပညာကျောင်းသား အားကစားပွဲတော်ကို ဘောလုံး(ကျား၊မ)၊ ဘော်လီဘော(ကျား၊မ)၊ ဘတ်စကက်ဘော(ကျား၊မ)၊ ကြက်တောင်(ကျား၊မ)၊ ပိုက်ကျော်ခြင်း (ကျား၊မ)၊ ပြေးခုန်ပစ်(ကျား၊မ)၊ စားပွဲတင်တင်းနစ် (ကျား၊မ) စသည့် အားကစားနည်း (၇)မျိုးဖြင့် (၁၇.၉.၂ဝ၂၅)ရက်နေ့မှ (၂၂.၉.၂ဝ၂၅) ရက်နေ့အထိ ပုသိမ်မြို့ပေါ်ရှိ ကိုးသိန်းအားကစားကွင်း၊ ကျောက်တိုင်အားကစားကွင်း၊ ကိုးသိန်းအားကစားရုံနှင့် အထက်တန်းကျောင်း ဘောလုံးကွင်းအသီးသီးတို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

DOCA (ဧရာဝတီ)