
ဗီယက်နမ်နိုင်ငံ၌ ပြည်တွင်းဆန်ဈေးကွက်တည်ငြိမ်စေရေးနှင့် ပြည်ပသို့တိုးချဲ့တင်ပို့နိုင် ရေးအတွက် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတကာ ညှိနှိုင်းဆွေးနွေးမှုများ၊ ဈေးကွက်ထိန်းကျောင်းခြင်းနှင့် အမှတ်တံဆိပ်အရောင်းမြှင့်တင်ခြင်း စသည့် အစီအမံအသစ်များ ပါဝင်သော ညွှန်ကြားချက်တစ်ရပ်ကို ထုတ်ပြန်လိုက်ကြောင်းသိရှိရပါသည်။
အဆိုပါ အစီအမံများကို အကောင်အထည်ဖော်ဆောင်ရန်အတွက် စက်မှုနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာနက ဦးစီးဌာနများအလိုက် သီးခြားတာဝန်အသီးသီးကို ခွဲဝေသတ်မှတ်ပေးထားရာ ကုန်သွယ်မှု မူဝါဒဦးစီးဌာနသည် ပို့ကုန်အလားအလာတိုးမြှင့်ရရှိစေရန် ရည်ရွယ်လျက် ဥရောပ သမဂ္ဂနှင့် ဗြိတိန် ဈေးကွက်များသို့ ရနံ့မွှေးဆန်တင်ပို့ရာတွင် အကောက်ခွန်နှုန်းထား လျှော့ချ တင်သွင်းခွင့်ခွဲတမ်းကို ပိုမိုတိုးချဲ့ရရှိအောင် ညှိနှိုင်းဆွေးနွေးမှုများ ဦးဆောင်ပြုလုပ်ရမည် ဖြစ်ပါ သည်။
နိုင်ငံခြားဈေးကွက်ဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာနသည် ပြည်ပမှဆန်တင်သွင်းမှု မူဝါဒများကို ထိန်းကျောင်းရန်နှင့် ပြည်တွင်းထုတ်လုပ်သူများနှင့် တင်ပို့သူများသို့ နောက်ဆုံးရ သတင်းအချက် အလက်များကို အချိန်မီပံ့ပိုးပေးရမည်ဖြစ်သည်။ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန အနေဖြင့် လူကိုယ်တိုင်နှင့် အွန်လိုင်းဈေးကွက် လှုပ်ရှားမှု အစီအစဉ်များအားပေါင်းစပ်၍ ဗီယက်နမ်ဆန်အား အရောင်းမြှင့်တင်ခြင်းကို အလေးပေး ဆောင်ရွက်ရမည်ဖြစ်ပါသည်။
ပို့ကုန်သွင်းကုန်ဦးစီးဌာနသည် ဥရောပသမဂ္ဂ၊ တောင်ကိုရီးယားနှင့် မြောက်အမေရိက တို့ ကဲ့သို့သော ဈေးကွက်အသစ်များသို့ တိုးချဲ့တင်ပို့နိုင်ရေးအတွက် ဆန်တင်ပို့မှုဈေးကွက်ဖွံ့ဖြိုးရေး မဟာဗျူဟာ ကို ၂၀၃၀ ပြည့်နှစ်တိုင်အောင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်တွင်းဈေးကွက်စီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာနသည် စားသုံးသူများအား ကာကွယ်ပေးရန်အတွက် ကုန်သွယ်မှုလိမ်လည်မှုများအား တိုက်ဖျက်ရန်နှင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အစီအမံများအပြင် ဗီယက်နမ် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနသည် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ကုန်စည်အရည်အသွေးနှင့်စပ်လျဉ်း၍ တာဝန်ယူဆောင်ရွက်ရန်၊ နိုင်ငံတကာဈေးကွက် လိုလားချက်နှင့်အညီ စီးပွားရေးအစီအမံများကို ကြိုတင်မျှော်တွေးလျက် ချိန်ညှိလုပ်ကိုင်သွားရန်၊ သမားရိုးကျဝယ်ယူသူများကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ဈေးကွက် အသစ်များရရှိနိုင်ရန်အတွက် ဗီယက်နမ်ဆန်၏ အမှတ်တံဆိပ်ခိုင်မာမှုနှင့် ကုန်ထုတ်လုပ်နိုင်စွမ်း တိုးတက်ကောင်းမွန်အောင် မြှင့်တင်ဆောင်ရွက်ရန် တိုက်တွန်းထားကြောင်း သိရှိရပါသည်။
Source : Saigon Giai Phong News, September 25, 2025
(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)