
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည်(၉.၉.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီ အချိန်တွင် ဇလွန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အွန်လိုင်းမှတ်ပုံတင်လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး Talk Show အစီအစဉ်ကိုဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စီးပွားရေးလုပ်ငန်းရှင်များသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ပါက အွန်လိုင်းစနစ်ဖြင့် ဦးစီးဌာနသို့ မှတ်ပုံတင် လက်မှတ်လျှောက်ထားရမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။ ထိုသို့ပြောကြားရာတွင် မှတ်ပုံ တင် လက်မှတ်လျှောက်ထားသူသည် လူပုဂ္ဂိုလ်ဖြစ်ပါက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း အခြေချနေထိုင်လျက် ရှိပြီး အသက်(၁၈)နှစ် ပြည့်ပြီးသူဖြစ်ရမည်။ ထုတ်ပြန်ချက်ပါ သတ်မှတ်ချက်များ ကိုလိုက်နာနိုင်သူ၊လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မည့်နေရာကိုတင်ပြနိုင်သူ၊ အစိုးရအဖွဲ့အစည်း တရပ်ရပ် က အမည်ပျက်ကြေညာ ထားသော ပုဂ္ဂိုလ်များ မဖြစ်ရဟု ဖော်ပြထားပါသည်။ ကုမ္ပဏီ သို့မဟုတ် စီးပွားရေးအဖွဲ့အစည်းဖြစ်ပါက တည်ဆဲဥပဒေတစ်ရပ်ရပ်ဖြင့် ဖွဲ့စည်းတည်ထောင်ထားသော၊ ကိုယ်ပိုင် သတ်မှတ်ချက်ဖြင့် တရားဝင် ဝက်ဘ်ဆိုဒ်ရရှိထားပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်မည့်နေရာ တင်ပြနိုင်သော အဖွဲ့အစည်းဖြစ်ရပါမည်။ မှတ်ပုံတင်လက်မှတ်လျှောက်ထားရာ တွင် ကုမ္ပဏီ သို့မဟုတ်စီးပွားရေးအဖွဲ့အစည်း ဖြစ်ပါက အဖွဲ့အစည်းရှိ တာဝန်ခံပုဂ္ဂိုလ်၏ရောင်စုံဓါတ်ပုံ၊ လူပုဂ္ဂိုလ်ဖြစ်ပါက ယင်း ပုဂ္ဂိုလ်၏ ရောင်စုံဓါတ်ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ လုပ်ငန်းအမှန် တကယ် တည်ရှိကြောင်း သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်း သို့မဟုတ် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၏ထောက်ခံချက်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု အမျိုးအစားစာရင်း၊ အချက်အလက်နှင့် အာမခံချက်၊ ကုန်စည်နှင့် စပ်လျဉ်း၍ မည်သည့်နိုင်ငံမှ တင် သွင်းကြောင်း သို့မဟုတ် ပြည်တွင်း၌ထုတ်လုပ်ကြောင်း ဖော်ပြထားသည့် အချက်အလက်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းကခွင့်ပြု ထားသော အထောက်အထားများရှိပါက ယင်းတို့နှင့်စပ်လျဉ်းသည့် အထောက်အထားများပါ ပူးတွဲတင်ပြ၍ အွန် လိုင်းမှတ်ပုံတင်လက်မှတ်လျှောက်ထားရမည်ဟု ဖော်ပြထားကြောင်းအသိပညာပေးရှင်းလင်းခဲ့ပါသည်။
DOCA (ဧရာဝတီ)