Main menu

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ စားသုံးဆီများတင်သွင်းမှုအပေါ် ပင်ရင်းမှဖြတ်တောက်အခွန် ၁ ရာခိုင်နှုန်း စည်းကြပ်

Powered by Drupal

     ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပဲပုပ်ဆီ၊ နေကြာဆီ၊ စားအုန်းဆီနှင့် ပြောင်းဖူးဆီတို့ အပါအဝင် ဟင်းချက်ဆီများ တင်သွင်းမှုအပေါ် ပင်ရင်းမှ ဖြတ်တောက်သည့်အခွန် ၁ ရာခိုင်နှုန်း စည်းကြပ် ကောက်ခံမည်ဖြစ်သည်ဟု အမျိုးသား အခွန်ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ (National Board of Revenue) က စက်တင်ဘာ ၁၅ ရက်နေ့၌ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ကြောင်း၊ ထိုသို့ အခွန် စည်းကြပ်မှုသည် စားသုံးဆီချောအပြင် တန်ဖိုးမြှင့်ထုတ်ကုန်အခွန် မှတ်ပုံတင်ထားရှိသော ဆီ ပြန်လည်သန့်စင်ပြုပြင်သည့် လုပ်ငန်းများက တင်သွင်းလာသည့် စားသုံးဆီကြမ်းများ၊ နေကြာစေ့ များနှင့် ပြောင်းဖူးဆီများအပေါ် သက်ရောက်မှုရှိမည်ဖြစ်ကြောင်း BDNews24 သတင်းဌာနက ဖော်ပြပါသည်။

     အရေးကြီးကုန်စည်များအဖြစ် ထည့်သွင်းစဉ်းစားခြင်းခံရသော အဆိုပါ စားသုံးဆီများကို တင်သွင်းရာ၌ ယခင်က ကုန်စည်တင်သွင်းမှုအပေါ် ပင်ရင်းမှဖြတ်တောက်သည့်အခွန် စည်းကြပ် ခြင်းမှ ကင်းလွတ်သက်သာခွင့် ပြုထားခြင်းဖြစ်သည်။

     ဘင်္ဂလားဒေ့ရှ် ကြားကာလအစိုးရသည် ပြည်တွင်းဈေးကွက်၌ ရောင်းချ‌သော စားအုန်းဆီ များ၏ ဈေးနှုန်းကို လျှော့ချကြောင်း ကြေညာချက်တစ်စောင်ကိုလည်း သီးခြားထုတ်ပြန်ခဲ့သည်။ နိုင်ငံတကာ၌ ဈေးနှုန်းများ ကျဆင်းခဲ့မှုအရ စားအုန်းဆီဈေးနှုန်းကို တစ်လီတာလျှင် ၁၆၉ တာကာ သတ်မှတ်ထားရာမှ ၁၉ တာကာ လျှော့ချလျက် ၁၅၀ တာကာနှုန်းသို့ ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

     သို့သော် ပဲပုပ်ဆီဈေးနှုန်းမှာမူ ပြောင်းလဲမှုမရှိပဲ တစ်လီတာလျှင် ၁၈၉ တာကာနှုန်းဖြင့် ဆက်လက် တည်ရှိနေသည်။ အစိုးရသည် ပဲပုပ်ဆီနှင့် စားအုန်းဆီတို့၏ ဈေးနှုန်းများ ပြင်ဆင်သတ် မှတ်ခြင်းကို ဧပြီ ၁၅ ရက်နေ့တွင် နောက်ဆုံးအကြိမ် လုပ်ဆောင်ခဲ့ပြီး ထိုစဉ်က ယခင်နှစ် ဒီဇင်ဘာ ၉ ရက်၌ သတ်မှတ်ခဲ့သော ပဲပုပ်ဆီ တစ်လီတာလျှင် ၁၇၅ တာကာနှုန်းထားအပေါ် ၁၄ တာကာ ထပ်ဆောင်း တိုးမြှင့်လျက် လက်ရှိပဲပုပ်ဆီဈေးနှုန်းဖြင့် ပြင်ဆင်သတ်မှတ်ထားခဲ့ခြင်းဖြစ်သည်။

     ဘင်္ဂလားဒေ့ရှ် အမျိုးသားအခွန်ကြီးကြပ်မှုအာဏာပိုင်အဖွဲ့သည် ကုန်သည်လုပ်ငန်းရှင်များ ၏ တောင်းဆိုချက်အရ ပဲပုပ်ဆီနှင့် စားအုန်းဆီကြမ်းများ တင်သွင်းမှုအပေါ် ကြိုတင်ဝင်ငွေအခွန် ကောက်ခံခြင်းကိုလည်း ဖယ်ရှားပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

Source: BDNews24, 15 Sept 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)