အမေရိကန်နိုင်ငံသည် ၎င်း၏ ပင်လယ်ရေနေနို့တိုက်သတ္တဝါများအား ကာကွယ်ပေးခြင်း ဥပဒေ (Marine Mammal Protection Act) အရ ဗီယက်နမ်၏ ပင်လယ်နေသတ္တဝါများအား ဖမ်းဆီးနေသည့် နည်းလမ်း ၁၂ ခုကို အသိအမှတ်ပြုရန် ငြင်းဆိုခဲ့ရာ ဗီယက်နမ်နိုင်ငံ၏ နှစ်စဉ် ရေထွက်ကုန်ပစ္စည်း တင်ပို့မှုလုပ်ငန်းတွင် တန်ဖိုး ဒေါ်လာသန်း ၅၀၀ ခန့် ဆုံးရှုံးမှု ဖြစ်ပေါ်စေနိုင် သည့် မကြုံစဖူးစိန်ခေါ်မှုကို ရင်ဆိုင်နေရကြောင်း သိရှိရပါသည်။
အမေရိကန် အမျိုးသားပင်လယ်နှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲရေးအဖွဲ့ (NOAA) က ဩဂုတ်လ ၂၆ ရက်နေ့၌ ဗီယက်နမ်ငါးလုပ်ငန်းညွှန်ကြားရေးမှူးချုပ်ထံသို့ အသိပေးအကြောင်းကြားရာတွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ ပတ်ဝန်းကျင်ထိခိုက်စေသည့် ငါးဖမ်းလုပ်ငန်းများမှ တင်သွင်းလာသည့် ရေထွက်ကုန်များကို တားမြစ်ပိတ်ပင်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။
အဆိုပါ ဆုံးဖြတ်ချက်သည် လင်းပိုင်များ၊ ဝေလငါးများနှင့် အခြားပင်လယ်ရေနေ နို့တိုက် သတ္တဝါများကို ထိခိုက်နိုင်ခြေ အမြင့်ဆုံးဖြစ်သော ငါးဖမ်းနည်းများဖြစ်သည့် ပိုက်ချဖမ်းခြင်း၊ ငါးမျှားချိတ်ဖြင့်ဖမ်းခြင်း၊ မြုံးထောင်ဖမ်းခြင်း စသည်တို့မှ ကာကွယ်ရန် အဓိကရည်ရွယ်ကြောင်း၊ ယင်းဆုံးဖြတ်ချက်ကြောင့် ဗီယက်နမ်၏ ရေထွက်ကုန်များဖြစ်သည့် တူနာ၊ ငါးကွမ်းရှပ်၊ ကျောက် ပုစွန်၊ ဂဏန်း၊ ကင်းမွန်၊ ကျောက်ငါး၊ ငါးပါးနီ၊ ကဘလူးနှင့် ငါးခွေးလျှာ စသည်တို့အား ပြည်ပသို့ တင်ပို့ရာတွင် နစ်နာမှုဖြစ်ပေါ်စေကြောင်း ဗီယက်နမ်ရေထွက်ကုန် တင်ပို့ထုတ်လုပ်သူများအသင်း (VASEP) က ပြောကြားထားပါသည်။
အဆိုပါဆုံးဖြတ်ချက်သည် ဗီယက်နမ်နိုင်ငံ၏ ပင်လယ်ရေထွက်ကုန်လုပ်ငန်းတွင် တစ်နှစ် လျှင် ဒေါ်လာသန်း ၅၀၀ ခန့် ထိခိုက်နစ်နာစေနိုင်ကြောင်း၊ ယခင်နှစ်၌ ဗီယက်နမ်၏ တူနာငါး တင်ပို့မှုစုစုပေါင်းသည် ဒေါ်လာသန်း ၁၀၀၀ ရှိခဲ့ကြောင်း၊ တူနာငါးသည် ဗီယက်နမ်မှ အမေရိကန် သို့ အများဆုံးတင်ပို့သည့်ရေထွက်ကုန်ဖြစ်ပြီး အခွန်ငွေ ဒေါ်လာ ၃၈၇ သန်းရရှိနေခြင်းကြောင့် တူနာငါး တင်ပို့မှုကို အများဆုံး ထိခိုက်စေကြောင်း၊ ပို့ကုန်ရငွေများကို ခြိမ်းခြောက်နေရုံသာမက ထောင်ပေါင်းများစွာသော ငါးဖမ်းသမားများနှင့် အလုပ်သမားများ၏ အသက်မွေးဝမ်းကြောင်းကိုပါ ထိခိုက်စေကြောင်း VASEP အသင်းကပြောကြားခဲ့ပါသည်။
အမေရိကန်ဈေးကွက်တွင် အပြည့်အဝနေရာယူထားသည့် ပြိုင်ဘက်နိုင်ငံများဖြစ်သော ထိုင်း၊ အိန္ဒိယနှင့် ဂျပန်တို့နှင့် နှိုင်းယှဉ်လျှင် ဗီယက်နမ်သည် ဆုံးရှုံးနစ်နာမှုများကို နှစ်ဆ ရင်ဆိုင်ရ လျက်ရှိကြောင်း၊ ထို့အပြင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နှင့် တရုတ်တို့သည်လည်း အမေရိကန် ၏ တားမြစ်ချက်များကို ရင်ဆိုင်ရလျက်ရှိသောကြောင့် တူနာအပါအဝင် အခြားရေထွက်ကုန် ပစ္စည်းများ ပြုပြင်ထုတ်လုပ်ရန်အတွက် အဆိုပါနိုင်ငံများမှ ကုန်ကြမ်းပစ္စည်းများကို ဗီယက်နမ် နိုင်ငံက မှီခိုနေရခြင်းသည်အခြေအနေကို ပိုမိုဆိုးရွားစေနိုင်ကြောင်း သိရှိရပါသည်။
ဗီယက်နမ်ရေထွက်ကုန်တင်ပို့ထုတ်လုပ်သူများအသင်းက အစိုးရအနေဖြင့် အမေရိကန်မှ အကြံပေး ပုဂ္ဂိုလ်များငှားရမ်း၍ နည်းပညာဆိုင်ရာ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ခြင်း၊ အမေရိကန်၏ ပို့ကုန်များအပေါ်တားမြစ်ပိတ်ပင်မှုကိုထိထိရောက်ရောက် ဖြေရှင်းရန်အတွက် အစီ အမံများရေးဆွဲခြင်း၊ အချိန်ကာလသတ်မှတ်ချက်ကို တိကျစွာဖြစ်စေရေးအတွက် NOAA အဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် ယာယီအစီအစဉ်များရှာဖွေဖော်ထုတ်ခြင်း စသည့် အရေးပေါ်တုံ့ပြန်မှု များဆောင်ရွက်ရန် တောင်းဆိုထားပြီး ဈေးကွက်အလိုက် ထုတ်လုပ်မှုကိုချိန်ညှိစေမည့် နည်းလမ်းများကို ပြင်ဆင်ဆောင်ရွက်ရန်အတွက် တင်ပို့သူများနှင့် ထုတ်လုပ်သူများကို တိုက်တွန်းထား ကြောင်းသိရှိရပါသည်။ ရေရှည်တွင် ထုတ်ကုန်၏ အရည်အသွေးနှင့် ဈေးကွက်အမျိုးမျိုး တိုးမြှင့် ဖော်ဆောင်ရန်နှင့် ငါးဖမ်းခြင်း အလေ့အထပြောင်းလဲရန် လိုအပ်ကြောင်းသိရှိရပါသည်။
Source : Vietnam News, Sep 13, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)