
ပြည်တွင်းအခွန်များဦးစီးဌာန၏ အမည်၊ တံဆိပ်နှင့် ဝန်ထမ်းအယောင်ဆောင်၍ အွန်လိုင်းမှ တစ်ဆင့်ငွေကြေးလိမ်လည်မှုများ ယခုလအတွင်း စနစ်တကျ လုပ်ဆောင်လျက် ရှိကြောင်း ဒေသခံများထံမှ သိရသည်။ လိမ်လည်သူများသည် Viber ကဲ့သို့သော ဆက်သွယ်ရေး အက်ပ်များမှတစ်ဆင့် "အခွန်ရုံးမှ စစ်ဆေးခြင်း" ဟူသော အကြောင်းပြချက်ဖြင့် ဆက်သွယ်ကာ လုပ်ငန်းရှင်များ၊ ပုဂ္ဂလိကနှင့် အဖွဲ့အစည်းများအား ပစ်မှတ်ထားလျက်ရှိသည်။ ၎င်းတို့သည် သံသယဖြစ်ဖွယ်လင့်ခ်များ (Phishing Links) ပို့ပေးပြီး ကိုယ်ရေးကိုယ်တာအချက်အလက်များ၊ ငွေကြေးလွှဲပြောင်းမှုများ ပြုလုပ်ခိုင်းကာ ငွေများကို ခိုးယူသွားကြောင်း လိမ်လည်ခံရသူများက ပြောကြားခဲ့သည်။
ထို့အပြင် ဖုန်းဖြင့်ဆက်သွယ်၍လည်း အခွန်ဝန်ထမ်းအယောင်ဆောင် လိမ်လည်မှုများ ပြုလုပ်နေကြောင်း လူမှုကွန်ရက်ပေါ်တွင် လိမ်လည်ခံရသူများက သတိပေးရှင်းလင်းချက်များ ဝေမျှခဲ့ကြသည်။ လိမ်လည်ခံရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက " ညီမအစ်မလည်း သိန်း(၅၀) ပါသွားတယ်။ အခွန်ရုံးကလူလိုပြောပြီး လိမ်တာ။ အချက်လက်ကျကျနဲ့ ပြောနေတော့ ပေးတဲ့ link ကို နှိပ်လိုက်တာနဲ့ပါသွားတာ" ဟု ရေးသားဖွင့်ချခဲ့သည်။
ပြည်သူများ သတိပြုရမည့်အချက်များမှာ ပြည်တွင်းအခွန်များဦးစီးဌာနသည် ဖုန်း၊ Viber သို့မဟုတ် လူမှုကွန်ရက်များမှတစ်ဆင့် ကိုယ်ရေးအချက်အလက်များ (သို့) ငွေကြေး တောင်းခံခြင်း မည်သည့်အခါမှ မရှိပါ။ မည်သူမဆို အခွန်ရုံးဝန်ထမ်းအဖြစ် အကြောင်းပြကာ ကိုယ်ရေးအချက်အလက်တောင်းခံပါက နီးစပ်ရာ အခွန်ဦးစီးဌာနရုံးသို့ တိုက်ရိုက် ဆက်သွယ် ၍ စုံစမ်းအတည်ပြုပါ။ သံသယဖြစ်ဖွယ် လင့်ခ်များ၊ စာတိုများ၊ ဖိုင်များကို အလျင်အမြန် မနှိပ်ပါနှင့်၊ မဖွင့်ပါနှင့်။ ကိုယ်ရေးအချက်အလက်များ (မှတ်ပုံတင်နံပါတ်၊ ဖုန်းနံပါတ်၊ ဘဏ်အကောင့်အချက်အလက်များ) ကို အွန်လိုင်းပေါ်တွင် သတိဖြင့်သာ မျှဝေကြပါစသည့် အချက်များ ဖြစ်ပါသည်။
အွန်လိုင်းလိမ်လည်မှုများသည် နည်းပညာအမျိုးမျိုးဖြင့် နှစ်စဉ်ဆိုးရွားလာပြီး မြန်မာနိုင်ငံအတွင်း နှစ်စဉ်ငွေကျပ် သန်းပေါင်း ၅,၀၀၀ ကျော် ဆုံးရှုံးနေရသည်ဟု ခန့်မှန်းရသည်။ ထို့ကြောင့် အများပြည်သူများအနေဖြင့် အွန်လိုင်းငွေကြေးလိမ်လည်မှုဒဏ်မှ ကာကွယ်နိုင်ရန် သတိပြုနေထိုင်ကြပြီး မိမိတို့၏ ငွေကြေးဓနဥစ္စာများကို စနစ်တကျ ကာကွယ်စောင့်ရှောက်နိုင်ကြပါစေကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
DOCA(ဧရာဝတီ)