
၂၀၂၅ ခုနှစ်၏ ပထမ ၇ လတာကာလတွင် ဗီယက်နမ်၏ ပြုပြင်ထုတ်လုပ်ခြင်းနှင့် ကုန်ထုတ်လုပ်ခြင်းကဏ္ဍသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI)များကိုဆွဲဆောင်ရာတွင် ထိပ်ဆုံးကဦးဆောင်နေကြောင်း ဗီယက်နမ်နိုင်ငံခြားရင်းနှီးမြှုပ်နှံသည့်လုပ်ငန်းများအသင်း၏ ဒုတိယဥက္ကဌ Nguyen Van Toan ၏ အဆိုအရ သိရပါသည်။ ထိုကာလအတွင်း အသစ်မှတ်ပုံတင်သည့် FDI မှာ အမေရိကန်ဒေါ်လာ ၁၀.၀၃ ဘီလီယံတန်ဖိုးရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၅.၆၁ ဘီလီယံမှာ ပြုပြင်ထုတ်လုပ်ခြင်းနှင့် ကုန်ထုတ်လုပ်ခြင်းသို့ ရောက်ရှိခဲ့ကြောင်း သိရပါသည်။ မတည်ငွေအသစ်မှတ်ပုံတင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုထပ်တိုးခြင်းနှင့် ရှယ်ယာဝယ်ယူခြင်းတို့ပါဝင် သည့် စုစုပေါင်းဆိုပါက ကဏ္ဍသည် အမေရိကန်ဒေါ်လာ ၁၃.၇၂ ဘီလီယံရရှိခဲ့ပြီး စုစုပေါင်း FDI ရရှိမှု၏ ၅၇ ရာခိုင်နှုန်းနီးပါးရှိကြောင်း သိရပါသည်။ Toan က ဗီယက်နမ်၏ ယှဉ်ပြိုင်နိုင်သော လုပ်သားကုန်ကျစရိတ်၊ သင့်လျော်သောပထဝီနိုင်ငံတည်နေရာ၊ မျိုးဆက်သစ်လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်များတွင်ပါဝင်မှုနှင့် စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်လာမှုတို့ကြောင့် ထိုရလဒ်ရရှိခဲ့ခြင်းဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါသည်။ ကမ္ဘာလုံးဆိုင်ရာထောက်ပံ့မှုကွင်းဆက်များ အထူးသဖြင့် အီလတ်ထရောနစ်နှင့် အစိတ်အပိုင်းသို့ နိုင်ငံနက်ရှိုင်းစွာဝင်ရောက်မှုက ရင်းနှီးမြှုပ်နှံမှုယုံကြည်ချက်ကို အားသစ်လောင်းပေးခဲ့ကြောင်း သိရပါသည်။ Toan က ပြုပြင် ထုတ်လုပ်ခြင်းနှင့် ကုန်ထုတ်လုပ်ခြင်းကဏ္ဍများသို့ FDI ဝင်ရောက်မှုအားကောင်းခြင်းသည် ထုတ်လုပ်မှုစွမ်းရည်တိုးချဲ့ရန်၊ တင်ပို့မှုအရှိန်မြှင့်တင်ရန်၊ အလုပ်အကိုင်များဖန်တီးပေးရန်နှင့် GDP ကြီးထွားမှုသိသာစွာရရှိရန် ပံ့ပိုးပေးနိုင်မည်ဟု ပြောကြားခဲ့ပါသည်။ သို့သော် Toan က ဗီယက်နမ်သည် FDI အရည်အတွက်ကိုသာမက အရည်အသွေးကိုပါအဓိကထားသင့်ကြောင်း၊ နည်းပညာမြင့်ကဏ္ဍများကိုဦးစားပေးသင့်ကြောင်း၊ သဘာဝပတ်ဝန်းကျင်နှင့်သင့်လျော်သော စီမံကိန်းများနှင့် ပြည်တွင်းလုပ်ငန်းများကို နည်းပညာလွှဲပြောင်းပေးရန်အာမခံချက်ရှိသည့် လုပ်ငန်းများကို အဓိကထားသင့်ကြောင်း ပြောကြားခဲ့ပါသည်။ ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအေဂျင်စီ၏ အဆိုအရ ၂၀၂၅ ခုနှစ်၏ ပထမ ၇ လတွင် ဗီယက်နမ်သည် စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၄.၀၉ ဘီလီယံရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီ သည့်ကာလနှင့်နှိုင်းယှဉ်ပါက ၂၇.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)