Main menu

ဘေးအန္တရာယ်နည်းပါးသည့် စားအုန်းဆီထုတ်လုပ်မှုအဆင့်သို့ ရောက်ရှိရန် မလေးရှားကြိုးပမ်း

Powered by Drupal

    မလေးရှားနိုင်ငံသည် ရေရှည်တည်တံ့ခိုင်မြဲသော စားအုန်းဆီထုတ်လုပ်ခြင်း (Malaysian Sustainable Palm Oil-MSPO) ထောက်ခံချက်ရယူဆောင်ရွက်ရေး မဖြစ်မနေလိုက်နာရန် သတ် မှတ်ထားသည့်အတွက် စားအုန်းဆီထုတ်လုပ်မှုတွင် ကြိုတင်မမျှော်မှန်းနိုင်သော ဘေးအန္တရာယ် ကျရောက်မှု နည်းပါးသောနိုင်ငံအဖြစ် သတ်မှတ်ရန် လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပြီ ဖြစ်သည် ဟု စိုက်ခင်းနှင့် ကုန်စည်များရေးရာဝန်ကြီး Mr. Datuk Seri Johari Abdul Ghani က ပြောကြား ခဲ့ကြောင်း The Edge Malaysia သတင်းဌာနက စက်တင်ဘာလ ၅ ရက်နေ့တွင် ဖော်ပြထားပါ သည်။

          စိုက်ခင်းနှင့် ကုန်စည်များရေးရာဝန်ကြီး Mr. Johari က မလေးရှားအစိုးရအနေဖြင့် ဥရောပ သမဂ္ဂ (EU)၏ ရေရှည်တည်တံ့ခိုင်မြဲရေး အစီအစဉ်အောက်ရှိ အောင်မြင်မှုတစ်ခုအဖြစ် တရားဝင် အသိအမှတ်ပြုရရှိရေးအတွက် လက်ရှိတွင် နိုင်ငံတွင်းစားအုန်းဆီထုတ်လုပ်မှုဆိုင်ရာ နောက်ဆုံးရ အချက်အလက်များနှင့် ဖြစ်ပေါ်တိုးတက်မှုအခြေအနေကို လက်ရှိတွင် စုစည်းညှိနှိုင်းလျက်ရှိ ကြောင်း ပြောကြားခဲ့သည်။

          EU ၏ရေရှည်တည်တံ့ခိုင်မြဲရေးအစီအစဉ်အောက်ရှိ လုပ်ငန်းစဉ်များအနက် ဆောင်ရွက်ရ သည့် လုပ်ငန်းတစ်ခုမှာ တိကျသေချာသောအချက်အလက်များကို စဉ်ဆက်မပြတ်တင်ပြဆောင် ရွက်ခြင်းဖြစ်ပြီး ယခင်က စိုက်ခင်းကဏ္ဍကို စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)သို့ သစ်တော အချက်အလက်များပေးဆောင်ရန် တာဝန်ယူထားသည့် ဝန်ကြီးဌာနမဟုတ်သည့် အခြားဝန်ကြီး ဌာနတစ်ခုက ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။

          နိုင်ငံတစ်နိုင်ငံကို ဘေးအန္တရာယ်ကျရောက်မှုအနိမ့်ဆုံးရှိသော သို့မဟုတ် စံချိန်စံညွှန်းနှင့် အညီ (ပုံမှန်အဆင့်)ရှိသော သို့မဟုတ် ဘေးအန္တရာယ်ကျရောက်မှုအမြင့်ဆုံးရှိသော နိုင်ငံအဖြစ် အတန်းအစား ခွဲခြားသတ်မှတ်ခြင်းမပြုမီ ယင်းသို့ခွဲခြားနိုင်ရေး အသေးစိတ်သတ်မှတ်ထားသော နည်းစနစ်တစ်ခု ပါဝင်ပါသည်။ အရေးကြီးဆုံးအချက်မှာ မလေးရှားအစိုးရအနေဖြင့် ယင်းသို့ အတန်းအစားခွဲခြား သတ်မှတ်ခြင်းရလဒ်ကောင်းရရှိနိုင်ရန် လမ်းကြောင်းမှန်သို့ ရောက်ရှိနေပြီဖြစ် ကြောင်း ဝန်ကြီး Mr. Johari က ပြောကြားခဲ့သည်။

          ဝန်ကြီး Mr. Johari က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၅ ရက် (သောကြာနေ့)တွင် မ‌လေးရှား၊ Carey ကျွန်းရှိ စားအုန်းဆီ ထုတ်လုပ်သောလုပ်ငန်းများဖြစ်သည့် Kampung Sungai Judah နှင့် SD Guthrie Palm Oil Excellence Centre သို့ သွားရောက်လည်ပတ်သည့် ဥရောပသမဂ္ဂ (EU)မှ သဘာဝပတ်ဝန်းကျင်၊ ရေအရင်းအမြစ် ခံနိုင်ရည်စွမ်းရှိမှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းအားရှိသော စီးပွား ရေးဝန်းကျင်ဆိုင်ရာ ကော်မရှင်နာ Ms. Jessika Rosswall နှင့်တွေ့ဆုံပြီးနောက် သတင်းထောက် များအား ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

          ဝန်ကြီး Mr. Johari က နိုင်ငံ၏ ကုန်ပစ္စည်း အတန်းအစားများကို ပြောင်းလဲစေနိုင်မည့် အရေးကြီးလုပ်ငန်းများအနက် တစ်ခုမှာ ၂၀၂၀ ပြည့်နှစ်တွင်  မဖြစ်မနေလိုက်နာရန် သတ်မှတ် ထားသည့် ရေရှည်တည်တံ့ခိုင်မြဲသော စားအုန်းဆီထုတ်လုပ်ခြင်း (Malaysian Sustainable Palm Oil-MSPO) ထောက်ခံချက်ရယူဆောင်ရွက်ရေးလုပ်ငန်းဖြစ်ကြောင်း၊ အခြားသောအောင်မြင်မှုများ အနက်တစ်ခုမှာ စိုက်ခင်းများမှ ဆီကြိတ်စက်ရုံ၊ ဆီသန့်စင်စက်ရုံများသို့ စားအုန်းဆီသယ်ယူ ပို့ ဆောင်မှုအား စောင့်ကြည့်စစ်ဆေးနိုင်မည့် အမျိုးသားအဆင့် နောက်ကြောင်းပြန်ခြေရာခံစနစ်ကို မိတ်ဆက် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

          မလေးရှားနိုင်ငံသည် နိုင်ငံတွင်းထုတ်လုပ်သည့် ထုတ်ကုန်တိုင်းအတွက် စာရင်းပြုစုခြင်း ဖြင့် ၎င်း၏ရေရှည်တည်တံ့ခိုင်မြဲမှုအလေ့အထများ၊ နောက်ကြောင်းပြန်ခြေရာခံစနစ်၏ ထိရောက် မှုတို့ကိုပြသနိုင်မည်ဖြစ်ပြီး နိုင်ငံ၏ထုတ်ကုန်အားလုံးသည် သစ်တောပြုန်းတီးသောမြေများမှ ဆင်းသက်လာခြင်းမရှိကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲမှု အလေ့အထများ၊ နောက်ကြောင်းပြန် ခြေရာခံစနစ်၏ ထိရောက်မှုရှိစေရေး တသမတ်တည်းဖြစ်ရမည်ဖြစ်ကြောင်း၊ ဘေးအန္တရာယ် ကျ ရောက်မှုနည်းသော အတန်းအစားတွင် ပါဝင်ရေး အောင်မြင်မှုရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း ၎င်းကဆိုသည်။ လက်ရှိတွင် မလေးရှားနိုင်ငံကို ဥရောပသမဂ္ဂ သစ်တောပြုန်းတီးမှု စည်းမျဉ်း (EUDR)အရ စံချိန်စံညွှန်းနှင့်အညီ (ပုံမှန်အဆင့်)ဖြစ်သော နိုင်ငံအဖြစ် သတ်မှတ်ထားသည်။

          EUDR စည်းမျဉ်းအရ ဥရောပသမဂ္ဂ (EU)သို့ ကိုကိုး၊ ကော်ဖီ၊ စားအုန်းဆီ၊ ပဲပုပ်၊ နွား၊ ရော်ဘာနှင့် သစ် တင်ပို့သည့် လုပ်ငန်းရှင်များသည် ၎င်းတို့၏ ပို့ကုန်များသည် သစ်တောပြုန်းတီးမှု ကင်းစင်ပြီး တရားဝင်ခွင့်ပြုသော အရင်းအမြစ်ဖြစ်ကြောင်း သေချာမှုရှိစေရန် လိုအပ်ပါသည်။

          ခရီးစဉ်အတွင်း Ms. Rosswall သည် မလေးရှား၏ Palm Oil Experience Center Sustainability Gallery သို့ သွားရောက်လေ့လာခဲ့ပြီး စားအုန်းဆီ ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် ပွင့်လင်းမြင်သာမှု ခိုင်မာအားကောင်းစေရန် မလေးရှား၏ အမျိုးသားအဆင့် နောက်ကြောင်းပြန် ခြေရာခံစနစ်၊ သစ်တောကဏ္ဍအပေါ် အုပ်ချုပ်မှုစနစ်တို့ကို အကျဉ်းချုပ် ရှင်းလင်းပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

          ထို့ပြင် အစောပိုင်းကာလတွင် Ms. Rosswall သည် မလေးရှား၏ Kampung Sungai Judah ဒေသသို့ရောက်ရှိခဲ့စဉ်က ပြန်လည်ရှင်သန်စိုက်ပျိုးခြင်း၊ ကောင်းမွန်သော စိုက်ပျိုးရေး ဆိုင် ရာ အ‌လေ့အကျင့်များ၊ ရေရှည်တည်တံ့ခိုင်မြဲသော ရိတ်သိမ်းခြင်းနည်းလမ်းများနှင့် စားအုန်းဆီနှင့် ဆက်စပ်စီးပွားရေး လုပ်ငန်းများမှတစ်ဆင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား စွမ်းဆောင် ရည်မြှင့်တင်ပေးခြင်း အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရပါသည်။

Source: The Edge Malaysia, 5 September 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)