
ကမ္ဘောဒီးယားနိုင်ငံ၏ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်ရန် ရင်းနှီးမြှုပ်နှံမှုအလားအလာများ၊ စျေးကွက်အခွင့်အလမ်းများနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုများကို ဆွေးနွေးရန်အတွက် ပြည်သူ့လုပ်ငန်းနှင့် ပို့ဆောင်ရေး ဝန်ကြီးဌာန (MPWT) သည် ၂၅-၈-၂၀၂၅ ရက်နေ့တွင် Zhejiang Seaport Logistics Group နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့သည်။ MPWT ဝန်ကြီး Peng Ponea သည် ထောက်ပံ့ပို့ဆောင်ရေး ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် စူးစမ်းလေ့လာခြင်းများဆောင်ရွက်မည့် Zhejiang Seaport Logistics Group မှ ကိုယ်စားလှယ်အဖွဲ့အား ဖနွမ်းပင်မြို့၌ ကြို့ဆိုနှုတ်ဆက်ခဲ့သည်။ ဆွေးနွေးမှုများအတွင်း MPWT ဝန်ကြီးက ကမ္ဘောဒီးယားနိုင်ငံ ၏ ၂၀၅၀ ခုနှစ် မျှော်မှန်းချက်တွင် ကမ္ဘောဒီးယား၏ ရေရှည်လူမှုစီးပွားတိုးတက်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်ပြီး ခိုင်မာပြီး ခေတ်မီသော သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဂေဟစနစ်ကို တည်ဆောက်ရန် အာရုံစိုက်ထားကြောင်း အလေးပေးပြောကြားခဲ့သည်။ Ponea သည် ကမ္ဘောဒီးယားနိုင်ငံ၏ အမျိုးသားရည်မှန်းချက်ပန်းတိုင်ဖြစ်သော ၂၀၃၀ ခုနှစ်တွင် အလယ်အလတ်ဝင်ငွေရရှိသောနိုင်ငံ ဖြစ်လာရန်နှင့် ၂၀၅၀ ခုနှစ်တွင် ဝင်ငွေမြင့်မားသောနိုင်ငံဖြစ်လာရန် MPWT ၏ ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။ MPWT ၏ ကြေငြာချက်အရ အစည်းအဝေးသည် ထောက်ပံ့ပို့ဆောင်ရေးတွင် ပူးပေါင်းဆောင်ရွက်မှုကို ရှာဖွေရန်၊ အလားအလာရှိသော ရင်းနှီးမြှုပ်နှံမှုနယ်ပယ်များကို ဖော်ထုတ်ရန်နှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ကုန်သွယ်မှုနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ထိရောက်မှုတို့ကို မြှင့်တင်နိုင်သည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အခြေခံအဆောက်အအုံများ ခေတ်မီတိုးတက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးရန်အတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်မည့် အာရုံစိုက်မှုအား ထင်ဟပ်စေခဲ့ကြောင်း အဆိုပါ ကြေငြာချက်တွင် ဖော်ပြထားသည်။ Zhejiang Seaport Logistics Group ကဲ့သို့သော ထိပ်တန်းနိုင်ငံတကာထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီနှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကမ္ဘောဒီးယားနိုင်ငံသည် ကုန်သွယ်မှုနှင့် ထောက်ပံ့ ပို့ဆောင်ရေးဆိုင်ရာ ဒေသတွင်းအချက်အချာကျသည့် နေရာအဖြစ် ရပ်တည်နိုင်ရန် ရည်ရွယ်ပြီး ပြည်တွင်းဝယ်လိုအားနှင့် နယ်စပ်ဖြတ်ကျော် ကူးသန်းရောင်းဝယ်ရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ထားသည်။
Source: Khmer Times
DOCA(ရန်ကုန်)