Main menu

ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့သည် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံမှုများ ပိုမိုနက်ရှိုင်းလာစေရန် ကတိပြုခဲ့ကြ

Powered by Drupal

      ကမ္ဘောဒီးယားနိုင်ငံ၊ ဝန်ကြီးချုပ် Hun Manet သည် တရုတ်နိုင်ငံ Tianjin (တီယန်ကျင်း) မြို့၌ ကျင်းပသည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးမတိုင်မီ တရုတ်သမ္မတ၊ ရှီကျင့်ဖျင်နှင့်တွေ့ဆုံခဲ့ပြီး ကမ္ဘောဒီးယား-တရုတ် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများကို ထပ်မံအတည်ပြုကာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေး ပိုမို နက်ရှိုင်းစေမည့် အခွင့်အလမ်းသစ်များကို ဆွေးနွေးခဲ့ကြသည်။ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို မီးမောင်းထိုးပြပြီး ကမ္ဘောဒီးယားနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပေါင်းစည်းမှုအတွက် တရုတ်နိုင်ငံ ၏ဆက်လက်ပံ့ပိုးကူညီသွားမည်ဟုသမ္မတရှီက ကတိပြုခဲ့သည်။  ထောက်ပံ့ရေးကွင်းဆက်များ နှင့် ချိတ်ဆက်မှုအားကောင်းစေမည့် စီမံကိန်းများကို အရှိန်မြှင့်ရန် အရေးကြီးကြောင်း သမ္မတရှီ က အလေးပေးပြောကြားခဲ့သည်။ ကမ္ဘောဒီးယား၏ လူမှုစီးပွားတိုးတက်မှုအတွက် အခိုင်အမာ ပံ့ပိုးကူညီမှုများအတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်း Hun Manet က ပြောကြားခဲ့သည်။  ထောက်ပံ့ပို့ဆောင်ရေး၊ စိုက်ပျိုးရေးနှင့် ဒေသတွင်းကုန်သွယ်မှုကို မြှင့်တင်ရန် စီစဉ်ထားသည့် Funan Techo နှင့် ပေါင်းစည်းထားသော ရေစီမံခန့်ခွဲမှုစီမံကိန်း အပါအဝင် အဓိကအခြေခံအဆောက်အအုံများတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုအခန်းကဏ္ဍကို အလေးပေး ပြောကြားခဲ့သည်။ ထောက်ပံ့ရေးကွင်းဆက်များ ကွဲပြားစေရန်နှင့် တန်ဖိုးမြင့်စက်မှု လုပ်ငန်းများကို ဆွဲဆောင်ရန် လိုအပ်သည်ကြောင်း ကမ္ဘောဒီးယား-တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် (CCFTA) တွင် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ ဆောင်ရွက်ရန် ဝန်ကြီးချုပ်က တောင်းဆိုခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံသားများအတွက် မြင်သာထင်သာရှိသော အကျိုးခံစားခွင့်များ ပေးဆောင်ရန် နှစ်နိုင်ငံအဖွဲ့အစည်းများကြား အနီးကပ်ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် အခြေခံ အဆောက်အအုံစီမံကိန်းများကို အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော်ရန် သဘောတူညီ ခဲ့ကြသည်။ ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) မှ ထုတ်ပြန်သော အစီရင်ခံစာအရ တရုတ်ရင်းနှီးမြှုပ်နှံသူများသည် ၂၀၂၅ ခုနှစ် ပထမ (၇) လတွင် ကမ္ဘောဒီးယား နိုင်ငံတွင် ဒေါ်လာ ၃.၆ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ကြောင်း၊ ဇန်နဝါရီမှ ဇူလိုင်လအတွင်းတွင် ကမ္ဘောဒီးယားအာဏာပိုင်များက ဒေါ်လာ ၆.၇ ဘီလီယံတန်ဖိုးရှိ စီမံကိန်းပေါင်း ၄၄၀ ကို အတည်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ယမန်နှစ် အလားတူကာလထက် ၈၄ ရာခိုင်နှုန်း တိုးလာကာ စီမံကိန်းအရေအတွက် ၈၈ ရာခိုင်နှုန်း တိုးလာခဲ့သည်။  ကမ္ဘောဒီးယားနှင့် တရုတ် နှစ်နိုင်ငံကြား ကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ် ပထမ (၇)လတွင် ကန်ဒေါ်လာ ၁၁ ဘီလီယံအထိ မြင့်တက်လာခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၆ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း အကောက်ခွန်နှင့် ကုန်စည်စီးဆင်းမှု ဦးစီးဌာန (GDCE) ၏ နောက်ဆုံး စာရင်းများအရ သိရသည်။ GDCE အချက်အလက်များအရ ကုန်သွယ်မှုပမာဏသည် ၂၀၂၄ ဇန်နဝါရီမှ ဇူလိုင်လအထိ ကန်ဒေါ်လာ ၈.၇၂ ဘီလီယံမှ ယခုနှစ်တွင် ကန်ဒေါ်လာ ၁၁ ဘီလီယံ သို့ မြင့်တက်သွားကြောင်းဖော်ထားသည်။  သို့သော် တရုတ်နိုင်ငံသို့ ကမ္ဘောဒီးယား ပို့ကုန်သည် ၈.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တရုတ်နိုင်ငံမှ တင်သွင်းမှုမှာ ၃၀.၅ ရာခိုင်နှုန်းမှ (ကန်ဒေါ်လာ ၁၀.၁၁ ဘီလီယံ) သို့ သိသိသာသာ မြင့်တက်ခဲ့သည်။

Source: Khmer Times                                                                                   

DOCA (ရန်ကုန်)